BREAKING
November 8, 2025

ထိုင်းတွင် ကလေးမီးဖွားခွင့် ရက် ၁၂၀ ပေးမည့် ဥပဒေထုတ်ပြန်

November 8, 2025

ပုံစာ - ထိုင်းရောက် ရွှေ့ပြောင်းအမျိုးသမီး အလုပ်သမားများ

ထိုင်းနိုင်ငံတွင် ကလေးမီးဖွားခွင့်အတွက် အမျိုးသမီးအလုပ်သမားများကို ခွင့် ၁၂၀ ရက်အထိ ခံစားခွင့်ပေးမည့်ဥပဒေကို နိုဝင်ဘာလ ၇ ရက်နေ့ ရက်စွဲဖြင့် ထိုင်းတော်ဝင်ပြန်တမ်းက ထုတ်ပြန်ကြေညာသည်။

အကယ်၍ မွေးဖွားလာသောကလေးသည် နာမကျန်း သို့မဟုတ် မသန်စွမ်းဖြစ်နေပါက နောက်ထပ် ၁၅ ရက် ထပ်တိုး ရယူနိုင်ကြောင်း ဖော်ပြထားသည်။

ကလေးပြုစုစောင့်ရှောက်ရန်အတွက် ဖခင်ဖြစ်သူ သို့မဟုတ် အိမ်ထောင်ဖက် အမျိုးသားကိုလည်း ခွင့်ရက် ၁၅ ရက် ခံစားခွင့်ပြုရန် အတည်ပြုထားသည်။

အမျိုးသမီးမွေးဖွားချိန် ကူညီရန်အတွက် ခွင့်ရက် ၁၅ ရက် ယူထားသော ဖခင်ဖြစ်သူကို အလုပ်ရှင်ဘက်က လစာအပြည့် ပေးချေရမည်ဖြစ်ကြောင်း ဥပဒေအသစ်တွင် ဖော်ပြသည်။

မီးဖွားခွင့်ရက်ကို ယခင်က ခွင့်ရက် ၉၈ ရက်ခံစားခွင့်ရရှိနေရာမှ ယခုအတည်ပြုလိုက်သော ဥပဒေအသစ်အရ ခွင့်ရက်ကို ၁၂၀ ရက်အထိ ခံစားခွင့် ရရှိလာမည်ဖြစ်သည်။

မီးဖွားခွင့်ယူသော အမျိုးသမီးများအတွက် အလုပ်ရှင်က ရက် ၆၀ ထက် မပိုသော ခွင့်ရက်များကို လစာအပြည့်ပေးချေရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယခု တော်ဝင်ပြန်တမ်းက ထုတ်ပြန်ကြေညာပြီးနောက် ၃၀ ရက်အကြာတွင် ဥပဒေအသစ်က အသက်ဝင်လာမည်ဟုလည်း ဖော်ပြပါရှိသည်။

ယခုဥပဒေအသစ်သည် ထိုင်းနိုင်ငံ၏ အမျိုးသမီး အလုပ်သမားများအတွက် အခွင့်အရေးပိုမို ရရှိလာမည်သာမက အမျိုးသားအလုပ်သမားများအတွက်လည်း ကလေးပြုစုစောင့်ရှောက်ခွင့် ထပ်မံရရှိလာမည်ဖြစ်သည်။

Ref: Khaosod, Matichon Online