BREAKING
October 19, 2025

ဘီးလင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

September 8, 2025

bဘမွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဘိုးလှကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

ဘိုးလှကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆန်းနိုင်သည် စက်တင်ဘာလ ၆ ရက် ည ၉ နာရီခန့်က အထပ်သားစက်ရုံတစ်ရုံတွင် ရှိနေစဉ် အမည်မသိ သေနတ်သမားများက ဝင်ရောက် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရင်ဘတ်နှင့် နောက်ကျောတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားသည့် အထပ်သားစက်ရုံတွင် သေဆုံးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“သေနတ်သမားတွေ ခြောက်ယောက်လောက်ပါတယ်လို့ သိရတယ်” ဟု ၎င်းက ပြောဆိုသည်။

ဦးဆန်းနိုင်ကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်ကို မသိရှိရသေးပေ။

ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆန်းနိုင်သည် ဘီးလင်းမြို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ တာဝန်ယူထားသူလည်း ဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။

ဦးဆန်းနိုင်၏ ရုပ်လောင်းကို ယနေ့ စက်တင်ဘာလ ၈ ရက် မွန်းလွဲပိုင်းတွင် ဘီးလင်းမြို့ရှိ သုသာန်၌ မီးသင်္ဂြိုဟ်ကြောင်း မြိုခံများထံမှ သိရသည်။

ဘီးလင်းမြို့နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ စစ်ကောင်စီသတင်းပေးဆိုသူများ မကြာခဏ ပစ်ခတ်ရှင်းလင်းခံရလေ့ရှိသည်။