BREAKING
October 29, 2025

ထိုင်းတွင် မြန်မာဇနီးမောင်နှံနှစ်ဦး တန်ဖိုး ဘတ်ရှစ်သောင်းခန့် အလစ်သုတ်ခံရ

September 8, 2025

ထိုင်းနိုင်ငံ၊ ခွန်ကယ်ခရိုင်တွင် မြန်မာဇနီးမောင်နှံနှစ်ဦးသည် အလုပ်မှ အိမ်အပြန်လမ်းတွင် ပစ္စည်းနှင့် ငွေသားများ တန်ဖိုး ဘတ် ရှစ်သောင်းခန့် အလစ်သုတ်ခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

စက်တင်ဘာလ ၆ ရက် ည ၈ နာရီခန့်က ခွန်ကယ်မြို့ လမ်းတွင် အလစ်သုတ်ခံရသဖြင့် အသက် ၅၀ အရွယ် ဒေါ်ခင်စိန်သည် ဘန်းပေ့ရဲစခန်းတွင် လာရောက်အမှုဖွင့် တိုင်ကြားကြောင်း ဖော်ပြသည်။

မြန်မာအမျိုးသမီးသည် ခင်ပွန်းသည်နှင့်အတူ ခွန်ကယ်မြို့ရှိ ဈေးထဲတွင် အင်္ကျီဆိုင်ဖွင့်ထားကြပြီး ၎င်းတို့နှစ်ဦးသည် ညဘက် ဆိုင်ကယ်ဖြင့် ဈေးမှတစ်ဆင့် အိမ်သို့ ပြန်လာခဲ့ကြောင်း ဆိုသည်။

ယင်းအချိန် အမည်မသိ လူနှစ်ဦးက ဆိုင်ကယ်စီးလာ၍ အနီးသို့ရောက်လာခဲ့ပြီး ၎င်းတို့နှစ်ဦး၏ ဆိုင်ကယ်ကို ခြေဖြင့် ကန်ခဲ့သဖြင့် လဲကျသွားခဲ့ကြောင်း ထွက်ဆိုထားသည်ဟု သတင်းများတွင် ဖော်ပြသည်။

၎င်းတို့နှစ်ဦးက လဲရာမှ ပြန်ထစဉ် ဆိုင်ကယ်စီးလာသူနှစ်ဦးက ၎င်းတို့နှစ်ဦးကို ခြေဖြင့် ကန်ခဲ့သဖြင့် နီးစပ်ရာသို့ အော်ဟစ် အကူအညီတောင်းခံခဲ့ကြောင်း ဆိုသည်။

ထိုစဉ် ကျူးလွန်သူနှစ်ဦးက မြန်မာဇနီးမောင်နှံနှစ်ဦးစလုံး၏ ပါးစပ်နှင့် မျက်လုံးများကို ပိတ်၍ ဘေးနားရှိ အိုင်ထဲသို့ တွန်းချခဲ့သည်ဟု ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားကြောင်း သတင်းများတွင် ဖော်ပြသည်။

ယင်းနောက် ဆိုင်ကယ်စီးလာသူနှစ်ဦးက ဒေါ်ခင်စိန်၏ အိတ်ကို ဆွဲလု၍ ယူဆောင်သွားခဲ့ကြောင်း ပြောသည်။

အိတ်ထဲတွင် အိုင်ဖုန်းတစ်လုံး၊ ဆမ်ဆောင်းဖုန်းနှစ်လုံး၊ ငွေသား တစ်သောင်းခန့်နှင့် စာအုပ်များ ပါသွားပြီး စုစုပေါင်းတန်ဖိုး ဘတ် ရှစ်သောင်းခန့် ပါသွားခဲ့ကြောင်း ထွက်ဆိုထားသည်။

အလစ်သုတ်သွားသူနှစ်ဦးသည် ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားပြီး လက်ရှိတွင် ရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးနေဆဲဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

Ref: Khon Kaen News, KKMD