မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် NMSP-AD/RMA အနေဖြင့် ၎င်းတို့ ထိန်းချုပ်ဒေသနှင့် လှုပ်ရှားဒေသများတွင် ရွေးကောက်ပွဲ ကျင်းပခြင်းကို လုံးဝလက်ခံမည်မဟုတ်ကြောင်း ထုတ်ပြန်လိုက်သည်။
စစ်ကော်မရှင်က ၎င်းတို့ရင်ဆိုင်နေရသော နိုင်ငံရေး၊ စစ်ရေးအကျပ်အတည်းများကို ကျော်လွှားနိုင်ရန်နှင့် နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိစေရန် အတုအယောင် ရွေးကောက်ပွဲကို ကျင်းပခြင်းသာဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။
NMSP-AD/RMA အနေဖြင့် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင် တိုက်ဖျက်သွားမည်ဟု ပြောဆိုထားသည်။
ရွေးကောက်ပွဲ ဝင်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် လူပုဂ္ဂိုလ်များကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် အသက်သွင်းပြီး စစ်အာဏာရှင်ကို သက်ဆိုးရှည်ရန် ပြုလုပ်သည့် အဖွဲ့အစည်း ပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ပြီး ဆန့်ကျင်တိုက်ဖျက်သွားမည်ဟုလည်း ဆိုသည်။
စစ်ကော်မရှင် ကျင်းပမည့်ရွေးကောက်ပွဲကြောင့် နိုင်ငံတွင်း ပဋိပက္ခ ပိုမိုပြင်းထန်လာစေမည်ဖြစ်သည်ဟုလည်း NMSP-AD/RMA က ပြောဆိုထားသည်။
မွန်ပြည်သူလူထုအနေဖြင့်လည်း စစ်ကျွန်စနစ်သက်ဆိုးရှည်စေမည့် အတုအယောင်ရွေးကောက်ပွဲတွင် ပါဝင်ခြင်းမပြုဘဲ နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်ကြရန်လည်း NMSP-AD/RMA က တိုက်တွန်းနှိုးဆော်ထားသည်။
နိုင်ငံရေးပါတီများအနေဖြင့်လည်း စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲအပေါ် မျှော်လင့်မနေဘဲ မွန်ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ဝိုင်းဝန်းဆန့်ကျင်ကြရန် တိုက်တွန်းထားသည်။
မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် NMSP-AD/RMA သည် မွန်ပြည်နယ်အပြင် တနင်္သာရီတိုင်း ရေဖြူမြို့နယ်နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်မြို့နယ်တို့တွင် တော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းတို့နှင့်အတူ စစ်ရေးလှုပ်ရှားလျက်ရှိသည်။







