BREAKING
October 20, 2025

စားသောက်ဆိုင်ရှင် ထိုင်းရဲတပ်ကြပ်ကြီးက မြန်မာအမျိုးသမီးလုပ်သားကို အဓမ္မပြုကျင့်

July 8, 2025

ပုံစာ - ဆိုင်က ထွက်ပြေးလာသော မြန်မာအမျိုးသမီးများကို ရဲတပ်ဖွဲ့က မေးမြန်းနေစဉ်။

ထိုင်းနိုင်ငံ၊ နခွန်နယွတ်ခရိုင်တွင် စားသောက်ဆိုင်ပိုင်ရှင်ဖြစ်သော ထိုင်းရဲတပ်ကြပ်ကြီးတစ်ဦးက မြန်မာအမျိုးသမီး အလုပ်သမားကို အတင်းအဓမ္မပြုကျင့်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

နခွန်နယွတ်ခရိုင်၊ ပါ့ဖလီဒေသရှိ စားသောက်ဆိုင်တစ်ခုတွင် အလုပ်ဝင်ပြီး ငါးရက်မြောက်ဖြစ်သည့် ဇူလိုင်လ ၇ရက်တွင် မြန်မာအမျိုးသမီး အလုပ်သမား တစ်ဦးတည်းရှိနေချိန် အလုပ်ရှင်က အိပ်ခန်းထဲသို့ ခေါ်ဆောင်ပြီး အဓမ္မပြုကျင်ခဲ့ကြောင်း ဖော်ပြသည်။

ယင်းနောက် အဓမ္မပြုကျင့်ခံရသူအပါအဝင် ဆိုင်တွင် အလုပ်လုပ်ကိုင်သော မြန်မာအမျိုးသမီးသုံးဦးသည် ဇူလိုင်လ ၇ရက် မွန်းလွဲ ၁နာရီခန့်တွင် အလုပ်ရှင် မရှိချိန် ဆိုင်ထဲမှ ထွက်ပြေးလာပြီး လမ်းပေါ်သွားလာနေသော ကားများကို တားဆီး၍ အကူအညီတောင်းခံခဲ့ကြောင်း ဆိုသည်။

မြန်မာအမျိုးသမီးများက လက်ပြတားဆီးသော်လည်း ကားမရပ်ပေးကြသဖြင့် လမ်းလယ်သို့ ထွက်ပြေး၍ တားဆီးခဲ့စဉ် ကားများ ရုတ်တရက် ဘရိတ်နင်း၍ ရပ်တန့်ခဲ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။

ကားသမားများက ဆင်းလာပြီး မြန်မာအမျိုးသမီးများကို မေးမြန်းစဉ် အလုပ်ရှင်ဖြစ်သူက မြန်မာအမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ပြီး ဗီဒီယိုမှတ်တမ်းတင်ထားသဖြင့် စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးလာခဲ့ကြသည်ဟု ပြောဆိုကြောင်း ဖော်ပြသည်။

ထို့နောက် ထိုင်းနိုင်ငံသားများက ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ကာ မြန်မာအမျိုးသမီးများက အလုပ်ရှင်ဖြစ်သူကို ဆက်လက်ကြောက်ရွံ့နေသေးသဖြင့် ဘန်ကောက်ရှိ မြန်မာအမျိုးသား သူငယ်ချင်းဖြစ်သူကိုလည်း အကူအညီ တောင်းခံခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

အဓမ္မပြုကျင့်ခံရသော မြန်မာအမျိုးသမီးကို ရဲတပ်ဖွဲ့ဝင်များက ပါ့ဖလီဆေးရုံသို့ ခေါ်ဆောင်၍ ဆေးစစ်မှု ခံယူစေခဲ့ကြောင်း ဆိုသည်။

ဆေးစစ်ချက်အရ မြန်မာအမျိုးသမီးသည် အဓမ္မပြုကျင့်ခံရပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

အလုပ်ရှင်ဖြစ်သူမှာ ရဲတပ်ကြပ်ကြီးဖြစ်ပြီး လူ သုံးဦးကို အဓမ္မပြုကျင့်သော ပြစ်မှုမှတ်တမ်းရှိသူဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

အဓမ္မပြုကျင့်မှုဖြင့် အလုပ်ရှင်ကို အမှုဖွင့်နိုင်ရေး ဥပဒေအရ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

Ref: Thairath, CH 7