ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့ရှိ လမ်းမပေါ်တွင် ဆိုင်ကယ်တစ်စီးကို မြန်မာမိသားစုဝင် ၇ ဦးက လိုက်ပါစီးနင်းနေသည့် ဗီဒီယိုဖိုင်ကို ထိုင်းနိုင်ငံသားများကြား ဝေဖန်မှု မြင့်တက်နေကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။
ဇူလိုင်လ ၆ ရက်နေ့က ဖူးခက်မြို့ထဲရှိ လမ်းဆုံတစ်ခု၏ မြေအောက်ဖြတ်လမ်းတွင် မြန်မာမိသားစုဝင် ၇ ဦးက ဆိုင်ကယ်တစ်စီးကို စီးနင်းလိုက်ပါနေသည့် ဗီဒီယိုဖိုင်တစ်ခု ဆိုရှယ်မီဒီယာပေါ်တွင် ပြန့်နှံ့လာခြင်းဖြစ်သည်။
ဗီဒီယိုဖိုင်ထဲတွင် မြန်မာအမျိုးသားက ဆိုင်ကယ်ကို မောင်းနေပြီး အမျိုးသမီးဖြစ်သူက ဆိုင်ကယ်နောက်တွင် လိုက်ပါနေသည်ကို တွေ့ရသည်။
အမျိုးသမီးလက်နှစ်ဖက်တွင် ကလေးနှစ်ဦးကို ချီထားပြီး ၎င်းတို့နှစ်ဦး၏ အလယ်တွင် နောက်ထပ်ကလေးတစ်ဦးက ညှပ်၍ လိုက်ပါနေသည်ကို ဗီဒီယိုဖိုင်ထဲ တွေ့ရသည်။
နောက်ထပ် ကလေးနှစ်ဦးက ဆိုင်ကယ်မောင်းနေသော အမျိုးသား၏ အရှေ့တွင် ထိုင်လျက်လိုက်ပါနေသည်ကို တွေ့ရသည်။
ယင်းပုံစံဖြင့် မြန်မာမိသားစု ဆိုင်ကယ်မောင်းနေသော ဗီဒီယိုဖိုင်ကို ဖူးခက်မြို့ ရက်စဒါဒေသရှိ လမ်းဆုံတစ်ခု၏ မြေအောက်လမ်းထဲတွင် ဇူလိုင်လ ၆ ရက်နေ့ နေ့လယ် ၂ နာရီခန့်က ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
အဆိုပါဗီဒီယိုဖိုင်သည် အွန်လိုင်းပေါ် ပျံ့နှံ့လာပြီးနောက် မိဘဖြစ်သူများက ကလေးငယ်များ၏ အန္တရာယ်ကို လျစ်လျူရှုထားသည်ဟု အွန်လိုင်းသုံးစွဲသူများကြား ဝေဖန်မှုမြင့်တက်လာခဲ့ခြင်းဖြစ်သည်။
ထိုင်းဥပဒေအရ မော်တော်ဆိုင်ကယ်များသည် မြေအောက်လမ်းများမှ လမ်းဖြတ်ကူးခြင်းကို တားမြစ်ထားသလို လူခုနှစ်ဦးဖြင့် ဆိုင်ကယ်စီး၍ မြေအောက်လမ်းကို ဖြတ်ခြင်းက ပို၍ပင် အန္တရာယ်များနိုင်ကြောင်း ဝေဖန်မှုများ ရှိလာခဲ့သည်။
ဝေဖန်မှု မြင့်တက်လာပြီးနောက် အွန်လိုင်းပေါ်တင်ထားသော ထိုင်းနိုင်ငံသားက မြန်မာမိသားစုနှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပြီး ဖြစ်စဉ်အမှန်ကို ပြန်လည်ချေပရှင်းလင်းခဲ့သည်။
မြန်မာမိသားစုက ဈေးဝယ်ထွက်လာရန် ဆိုင်ကယ်နှစ်စီးဖြင့် အခန်းမှ ထွက်လာခြင်းဖြစ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်။
သို့သော်လည်း လမ်းတွင် ယာဉ်ထိန်းရဲက မြန်မာမိသားစုကို ယာဉ်မောင်းလိုင်စင်မရှိပဲ ဆိုင်ကယ်မောင်းသဖြင့် ဒဏ်ငွေရိုက်ခဲ့ကြောင်း၊ မြန်မာမိသားစုတွင် ဒဏ်ငွေပေးရန် ငွေမရှိသဖြင့် ဆိုင်ကယ်တစ်စီးကို ယာဉ်ထိန်းရဲထံတွင် အပေါင်ထားခဲ့ရကြောင်း ၎င်းက ရှင်းလင်းခဲ့သည်။
ထို့ကြောင့် မြန်မာမိသားစုက ဆိုင်ကယ်တစ်စီးကို စီး၍ ကလေးများနှင့်အတူ အိမ်သို့ အမြန်ပြန်ခဲ့ရခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံသားက ပြန်လည်ရှင်းလင်းပေးခဲ့သည်။
မြန်မာမိသားစုကလည်း ထိုင်းနိုင်ငံ၏ ယာဉ်စည်းကမ်းဥပဒေကို မသိရှိသဖြင့် ၎င်းကို ပြန်လည်တောင်းပန်ခဲ့ကြောင်း၊ ကလေးငယ်များက နောက်ပိုင်းတွင် မြန်မာပြည်ပြန်ပို့သွားမည်ဟု ဖြေကြားခဲ့ကြောင်း ဖော်ပြထားသည်။
Ref: The Nation Thailand, FM 91







