BREAKING
June 8, 2025

ကျွန်တော့်ရဲ့ ဖုန်းဆင်းကတ်အဟောင်းလေး

June 8, 2025

ကျွန်တော့်ရဲ့ ဖုန်းဆင်းကတ်အဟောင်းလေး။ 09049 ဆိုတဲ့ ဒီဆင်းကတ်အဟောင်းလေးပေါ့။ သူ့ကိုစဝယ်တဲ့နေ့ကိုတောင် အခုထိ အမှတ်ရတုန်းရှိသေးတယ်။ ကျွန်တော့်ဘဝရဲ့အရေးပါတဲ့ အခိုက်အတန့် ၁၀ တန်းကျောင်းသားဘဝမှာ ထားဝယ်မြို့ရဲ့ထောင့်ကျဉ်းလေးထဲမှာရှိတဲ့ ကုန်စုံဆိုင်လေးတစ်ဆိုင်ကနေပြီး ဝယ်ခဲ့တာပါ။

ဒီဆင်းကတ်လေးစဝယ်တုန်းက ဘာမှမယ်မယ်ရရ မတွေးမိခဲ့ပါဘူး။ ဒီအတိုင်းပဲ နံပတ်ကလေးလှလို့ဆိုပြီးတော့ ရွေးဝယ်ဖြစ်သွားတာပါပဲ။ အခုနေ ၁၀ စုနှစ် တစ်ခုနီးနီးရှိပါပြီ။

လူအများစုဟာ ဖုန်းနံပတ်တစ်ခုမှာ အရှေ့ဆုံးကနံပတ်နဲ့ အနောက်ဆုံးကနံပတ် သုံးလုံးကိုပဲ မှတ်ကြတာများတယ်မဟုတ်လား။ အရှေ့ဆုံးနံပတ်ကိုမှတ်တာက အော်ပရေတာခွဲခြားဖို့ ဥပမာ အမ်ပီတီလား၊ တယ်လီနော(အခုတော့ အက်တမ်ဖြစ်သွားပါပြီ)လား၊ အူရီဒူးလား၊ မိုင်တဲလ်လားဆိုတာပေါ့။

နောက်ဆုံးနံပတ်သုံးလုံးကိုမှတ်တာကျတော့ ဘယ်သူဘယ်ဝါရယ်လို့ ခွဲခြားနိုင်အောင် မှတ်ကြတာပါလေ။ ကျနော့်ဦးလေးတစ်ယောက်ဆိုရင် လူတိုင်းရဲ့နံပတ်တွေကို နာမည်နဲ့တွဲပြီး Contact ကိုသိမ်းမထားပေမယ့် ဒီလိုနောက်ဆုံးနံပတ်လေးသုံးလုံးကိုမှတ်ပြီး ဘယ်သူဘယ်ဝါရယ်လို့ အတိအကျသိနေတာ အံ့ဩမိတယ်။ ဒီလောက်နံပတ်တွေ သူဘယ်လိုများ မှတ်မိနိုင်ရတာပါလိမ့်လို့လေ။

ပြီးတော့ပြောရဦးမယ်။ မိုးတွေသည်းသည်းမည်းမည်းရွာနေခဲ့တဲ့ ဇွန်လရဲ့ ဒီလိုညတစ်ညမှာ ကျနော်တွေးနေမိတာက တစ်ခါတလေ ဖုန်းပြောခဲ့ဖူးတဲ့ မှတ်တမ်းအဟောင်းလေးတွေ ဒီဆင်းကတ်လေးထဲမှာရှိနေရင် သိပ်ကောင်းမှာပဲဆိုတာပါ။

မရှိတော့မှန်းသိနေပေမယ့်လည်း ရူးကြောင်ကြောင်နိုင်စွာနဲ့ပဲ ရှိနေရင် သိပ်ကောင်းမှာပဲလို့လည်း ဆုတောင်းခဲ့ဖူးတယ်။ တကယ်လို့ ရှိနေခဲ့မယ်ဆိုရင် ရာထောင်ချီရှိနေမယ့် ဖုန်းခေါ်ဆိုမှုမှတ်တမ်းတွေထဲမှာ ပထမဆုံးနားထောင်မိမယ့် ခေါ်ဆိုမှုမှတ်တမ်းဟာ ဘယ်သူများဖြစ်လိမ့်မလဲ၊ ဒါမှမဟုတ် ခဏခဏ နားထောင်နေမိမယ့် ဖုန်းခေါ်ဆိုမှုမှတ်တမ်းဟာ ဘယ်သူ့ရဲ့အသံများဖြစ်နေမလဲ တွေးကြည့်ဖူးတယ်။

တွေးကြည့်ရင်းလည်း တစ်စုံတစ်ယောက်ရဲ့အသံတွေ၊ ပုံရိပ်တွေ၊ ရယ်သံလွင်လွင်ကလေးတွေဟာ ခေါင်းထဲ စီရရီပေါ်လာစမြဲပါလေ။

ဒီဆင်းကတ်လေးကို ဖြတ်သန်းစီးဆင်းခဲ့ဖူးတဲ့ လူဦးရေဟာ ရာဂဏန်းကပါ့မလား ကျနော် သေချာမပြောတတ်တော့ပါဘူး။ ဒီလူတွေနဲ့ပြောခဲ့တဲ့ အကြောင်းအရာတွေဆိုရင် ထောင်ချီရောပေါ့။ ပျော်ရွှင်စရာ အခိုက်အတန့်တွေရှိမယ်၊ စိတ်လှုပ်ရှားရတဲ့ အခိုက်အတန့်တွေရှိမယ်၊ ဘာမှမယ်မယ်ရရမဟုတ်တဲ့ နိစ္စဓူဝကိစ္စတွေဖြစ်မယ်၊ နောက်တော့ ဝမ်းနည်းစရာ အဖြစ်အပျက်တွေဖြစ်ချင်ဖြစ်မယ်။

ဒီဆင်းကတ်လေးကတစ်ဆင့်ပဲ ဘဝအမောတွေကို တစ်ယောက်နဲ့တစ်ယောက် ဖြေလျော့ကြတယ်၊ ပျော်ရွှင်စရာတွေကိုမျှဝေခဲ့ကြတယ်၊ အရာရာကိုတိုင်ပင်ဆွေးနွေးခဲ့ကြတယ်။
“မင်းအဖေဆုံးပြီ”ဆိုပြီး ကျူရှင်ကအပြန်မှာဝင်လာတဲ့ ဖုန်းကောလ်တစ်ခု၊ “အောင်စာရင်းထွက်ပြီ” ဆိုပြီး မနက်(၄)နာရီလောက်မှာဝင်လာတဲ့ ဖုန်းကောလ်တစ်ခု၊ အရေးပေါ်လူနာတင်ယာဥ်အသင်းက “သူ့ဖုန်းမှာ အစ်ကို့နံပတ်ကထိပ်ဆုံးကရှိနေလို့ ခေါ်လိုက်ရတာပါ”ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ဆိုင်ကယ်အက်စီးဒင့်ဖြစ်မှုတစ်ခု၊ ကိုယ်ပိုးနေတဲ့ကောင်မလေးဆီကနေပြီး ကိုယ်လိုချင်တဲ့အဖြေတစ်ခု။ ဒါတွေအားလုံးဟာ ဒီဆင်းကတ်လေးဆီကတစ်ဆင့်ပဲ ကျွန်တော့်ဆီကို ဖြတ်သန်းစီးဆင်းလာခဲ့ကြတာပါလေ။

အချို့ဖုန်းခေါ်ဆိုမှုတွေဆိုရင် ဒီနေ့အထိ အသေးစိတ်မှတ်မိတုန်းရှိသေးတယ်။ အဲဒီနေ့က ကျနော်ဖုန်းခေါ်တော့ တော်တော်နဲ့ ဖုန်းလာမကိုင်ဘူး၊ ခဏလောက်ကြာတော့မှ “ဟယ်လို” ဆိုတဲ့အသံလေးကြားပြီး ဖုန်းခေါ်ဆိုမှုမှတ်နေတဲ့မိနစ်တွေဟာ တစ်စက္ကန့်ခြင်းပြေးလွှားနေတယ်။

“နေကောင်းရဲ့လား”လို့ ကျနော်ဘက်ကမေးတော့

“ဘယ်သူပါလဲ” လို့ပြန်မေးတယ်။

အို ဒီအသံလေး၊ သိပ်မှတ်မိတာပေါ့။ အရင်ကဒီနံပတ်ကိုအလွတ်ရွတ်ပြနေတတ်တဲ့သူကအခုနေဘယ်လိုများ ဒီနံပါတ်ကိုမေ့သွားရတာပါလိမ့်လို့ အံ့ဩတကြီးဖြစ်မိတယ်။ ဒါမှမဟုတ် ဒီနံပါတ်ကိုမှတ်မိပါလျက်၊ နေကောင်းရဲ့လားလို့မေးတဲ့ ဒီအသံကိုမှတ်မိနေပါလျက်နဲ့ တမင်တကာများ မသိချင်ယောင်ဆောင်နေတာလား။

ဒါဟာ မှတ်တိုင်ပေါင်များစွာရှိတဲ့အထဲက ခွဲခွာခြင်းမှတ်တိုင်တစ်ခုလား။ ဘယ်လိုဖြစ်ဖြစ်ပါလေ တဖက်လူကမမှတ်မိဖြစ်နေပေမယ့် ဒီအသံကို ကျွန်တော်ရော ကျွန်တော့်ရဲ့ ဒီဖုန်းဆင်းကတ်အဟောင်းလေးကပါ မှတ်မိနေတယ်မဟုတ်ပါလား။

ဟိုအဝေးကြီးကဘဝတွေကို နီးစပ်သွားအောင်၊ ရင်ခွင်တွေနွေးထွေးရအောင်၊ မိသားစုဘဝတွေ နွေးထွေးရအောင်၊ ညအိပ်ယာဝင်ချိန်တွေလှပသွားအောင်၊ နောက်တစ်နေ့မနက်မှာနိုးထလာရတာ ပိုပြီးဆန်းသစ်နေအောင် သူစွမ်းဆောင်နိုင်ခဲ့တယ်လေ။

“အတောင်ပံပါရင် မင်းဆီကို” ဆိုတဲ့ရင်ဂိုရဲ့ သီချင်းစာသားလေးတစ်ကြောင်းလို တစ်ဦးတစ်ယောက်ရဲ့ စကားလုံးလေးတွေဟာ လေလှိုင်းပေါ်မှာဝဲပျံလို့ အခြားတစ်ပါးသောသူဆီကို ရောက်သွားခဲ့တယ်လေ။ လူကိုင်တိုင်ရောက်မသွားနိုင်ရင်တောင် စိတ်ဓာတ်ခွန်အားတွေ၊ ကျွန်တော်တို့ရဲ့အသံတွေဟာ အခြားတစ်ပါးသောသူတွေဆီကိုရောက်သွားနိုင်တယ်လေ။

ဒီဆင်းကတ်လေးထဲမှာ မျက်ရည်မြစ်တွေစီးဆင်းနေတယ်။ ရေစီးကြောင်း သံယောဇဥ်လေးတွေ စီးဆင်းနေတယ်။ ပြီးတော့ ပျော်ရွှင်စရာကလေးတွေ၊ ကြည်နူးစရာကလေးတွေ၊ တစ်ခါတလေမှာ ဆူပူအုံကြွမှုတွေ၊ ဒေါသမျက်မာန်တွေ၊ သံစဥ်တေးသွားကလေးတွေ၊ ဘဝပေါင်းများစွာရဲ့အသံတွေ၊ အဖြစ်အပျက်တွေ၊ ဒီလိုနဲ့ ဒီဆင်းကတ်လေးထဲမှာ ကမ္ဘာငယ်လေးတစ်ခုတည်နေတယ်။

ဒီကမ္ဘာငယ်လေးထဲကို ခဏလောက်များခုန်ဆင်းခွင့်ရခဲ့မယ်ဆိုရင် ကိုယ်အမြဲတမ်းအမှတ်ရနေချင်တဲ့မှတ်တမ်းတွေကို ဆွဲထုတ်ယူလာပြီး သေရာပါ သိမ်းဆည်းထားလိုက်မိမယ်ထင်ပါတယ်။

အကြောင်းအမျိုးမျိုးနဲ့ ဆင်းကတ်တွေတစ်ကတ်ပြီးတစ်ကတ်၊ အော်ပရေတာတစ်ခုပြီးတစ်ခု ပြောင်းသုံးခဲ့ပေမယ့် ဒီဆင်းကတ်လေးကိုတော့ ဘယ်တော့မှ မပြောင်းရက်ခဲ့ပါဘူး။

ကျွန်တော်ကိုယ်တိုင်မသိလိုက်ခင်အချိန်လေးမှာပဲ ဒီဆင်းကတ်လေးဟာ ကျွန်တော့်ရဲ့ နှလုံးသားရောဦးနှောက်မှာပါ အမြစ်တွယ်နေခဲ့ပြီလေ။ အနည်းဆုံးတော့ ဒီနံပါတ်လေးကိုမမေ့ဘဲ ဒီဆင်းကတ်လေးကိုအမှတ်ရနေမယ့် လက်တစ်ဆုပ်စာ လူအချို့တော့ ရှိလိမ့်ဦးမယ်လို့ ကျွန်တော်ယုံကြည်နေမိတယ်။ ဒါမှမဟုတ် တစ်ယောက်ယောက်လောက်များ ရှိနေခဲ့တယ်ဆိုရင်တောင်မှ ကျွန်တော်နေပျော်ပါပြီ။

အခုတော့ ဒီဆင်းကတ်လေးဟာ ဆင်းကတ်တစ်ကတ်ဆိုတာထက် အများကြီးအဓိပ္ပါယ်ပိုရှိတဲ့ ကျွန်တော့်ဘဝရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နေခဲ့ပါပြီ။ ယူအက်စ်ဘီ စတစ်တွေလို၊ မမ်မိုရီကဒ်တွေလို ဗွီဒီယိုတွေ၊ ဓာတ်ပုံမှတ်တမ်းတွေ၊ စာရွက်စာတမ်းတွေရာထောင်ချီအောင် သိမ်းဆည်းထားလို့မရပေမယ့် ဒီဆင်းကဒ်လေးထဲမှာ စကားလုံးတွေနဲ့ဖော်ပြလို့မလုံလောက်နိုင်တဲ့ မှတ်တမ်းမှတ်ရာတွေ၊ အမှတ်တရတွေဟာ ရှိနေခဲ့လေပြီ။ ပြီးတော့ ဒါတွေဟာ ဘယ်တော့မှ မပျက်စီးနိုင်တော့ဘူး။ ဘာနဲ့မှလည်း ဖျက်ပစ်လို့မရနိုင်တော့ဘူး။ ဘယ်လောက်များ သေသပ်လှပတဲ့ ဖန်တီးမှုတစ်ခုလဲ။

ခင်ဗျားတို့မှာရော ဒီလိုဆင်းကတ်လေးတစ်ကတ် ကိုယ်စီရှိခဲ့ကြဖူးတယ်မဟုတ်လား။ တစ်နေ့နေ့မှာ ကိုယ့်ဆီကိုဖုန်းခေါ်လာမယ့် သူတစ်ယောက်ယောက်ကိုမျှော်နေမယ့် ဆင်းကတ်လေးတစ်ကတ်၊ ဒါမှမဟုတ်တစ်စုံတစ်ယောက်ဆီကိုခေါ်မယ့် ဆင်းကတ်လေးတစ်ကတ်၊ အမှတ်တရတွေများစွာနဲ့ ဆင်းကတ်လေးတစ်ကတ်၊ ကြေကွဲဝမ်းနည်းမှုတွေနဲ့ ဆင်းကတ်လေးတစ်ကတ်၊ ပျော်ရွှင်ကြည်နူးမှုများစွာနဲ့ ဆင်းကတ်လေးတစ်ကတ်။ ဘယ်တော့မှ မမေ့နိုင်တဲ့အသံလေးတစ်သံရှိခဲ့ဖူးတဲ့ ဆင်းကတ်လေးတစ်ကတ်။

စဝယ်တုန်းက နံပတ်လေးလှလို့ ဆိုပြီးရွေးချယ်ခဲ့တဲ့ဆင်းကတ်လေးဟာ အခုတော့ ကျွန်တော့်အတွက်ဘယ်လိုအကြောင်းမျိုးနဲ့မှ လက်လွှတ်ဆုံးရှုံးခံလို့မဖြစ်တော့မယ့် ဆင်းကတ်လေးတစ်ခုဖြစ်နေခဲ့ပါပြီ။

ယောနသံ

ဇွန် ၂၊ ၂၀၂၅