ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် အလုပ်ရှင်ထံမှ ဘတ် ၁၁ သိန်းကျော် ခိုးယူသည်ဟု စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
မေလ ၁ ရက်မှ ၇ ရက်ကြား ဖူးခက်မြို့ထဲ မှုခင်းနှိမ်နှင်းရေးကာလအတွင်း အသက် ၂၃ နှစ်အရွယ် ကိုညီဘိုသက်ကို ချလွမ်ထလေရှိ တိုက်ခန်းထဲ ဘတ် ၁၁ သိန်းကျော် ခိုးယူမှုနှင့် ပတ်သက်၍ ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။
ဖမ်းဆီးခံရသော နေ့ရက်အတိအကျကိုမူ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားခြင်းမရှိပေ။
ကိုညီဘိုသက်နှင့်အတူ Scoopy ဆိုင်ကယ်၊ ခိုးယူခဲ့စဉ်က အဝတ်အစားနှင့် လွယ်အိတ် ဦးထုပ်၊ ဘတ် ၂၀၀၀ ခန့်အပါအဝင် သက်သေပစ္စည်း ခုနစ်ခုကိုလည်း သိမ်းဆည်းခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
ခိုးယူထားသော ဘတ် ၁၁ သိန်း ၈ သောင်းခန့်နှင့် ဒေါ်လာ ၁၀၀ ကိုလည်း ပြန်လည်တွေ့ရှိခဲ့ကြောင်း ဆိုသည်။
ကိုညီဘိုသက်သည် ထိုင်းအလုပ်ရှင်၏ အိမ်ထဲသို့ ညအချိန် ဝင်ရောက်ခဲ့ပြီး ငွေစုမီးခံသေတ္တာထဲက ဘတ်ငွေများကို ခိုးယူထွက်ပြေးသွားခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။
CCTV မှတ်တမ်းများကတစ်ဆင့် ခိုးယူသူ၏ မျက်နှာကို ခြေရာခံ၍ လိုက်လံရှာဖွေဖမ်းဆီးနိုင်ခဲ့ကြောင်း ဆိုသည်။
ကိုညီဘိုသက်သည် ပြီးခဲ့သော ၂၀၂၄ ခုနှစ် မတ်လကတည်းက နေထိုင်ခွင့် ဗီဇာသက်တမ်းကုန်ဆုံးနေသူလည်းဖြစ်ကြောင်း ဖော်ပြသည်။
လက်ရှိတွင် ၎င်းကို ခိုးမှု၊ ခိုးယူစဉ် ယာဉ်အသုံးပြုမှုနှင့် ခိုးရာပါပစ္စည်း လက်ဝယ်ထားရှိမှုအပြင် လောင်းကစားအမှုဖြင့်လည်း အရေးယူထားကြောင်း ဆိုသည်။
Ref: Phuket News, The Thaiger