မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-ထားဝယ်လမ်းပိုင်း မော့ကနင်ကျေးရွာတွင် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲပြီး ခြေထောက်တစ်ဖက် ဖြတ်တောက်ရကြောင်း ဒေသခံတို့ထံမှ သိရသည်။
မေလ ၇ရက် ညနေ ၄နာရီခန့်က မော့ကနင်ကျေးရွာသား အသက် ၄၀နှစ်အရွယ် အမျိုးသားတစ်ဦးသည် ရေး-ထားဝယ် ကားလမ်းမဘေး စစ်ကောင်စီ ခလရ-၁၀၆ တပ်ရင်းအနီးတွင် မြေမြှုပ်မိုင်းနင်းမိခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
မိုင်းပေါက်ကွဲမှုကြောင့် အဆိုပါအမျိုးသားတွင် ညာဘက်ခြေထောက် ဒူးအောက်ပိုင်းမှာ ဖြတ်တောက်ရပြီး ဘယ်ဘက် ခြေထောက်တွင်လည်း ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက ဆိုသည်။
“သူက ခြံကနေ ပြန်လာရင်း (မိုင်း) နင်းမိသွားတယ်လို့တော့သိထားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ဥယျာဉ်ခြံမှပြန်လာစဥ် ခလရ ၁၀၆ တပ်ရင်းအနီး လမ်းဘေး၌ အပေါ့သွားစဉ် မိုင်းနင်းမိကြောင်း မော့ကနင်ရွာခံတစ်ဦးက ပြောဆိုသည် ။
“ခြံကပြန်လာတဲ့လမ်းမှာ အပေါ့သွားရင်း နင်းမိတာပါ” ဟု ၎င်းက ပြောသည်။
ညာဘက် ခြေတောက် ဒူးအောက်ပိုင်းမှ ဖြတ်လိုက်ရပြီး လမိုင်းမြို့ ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း မိုင်းနင်းမိသူအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည့် ရွှေဟင်္သာ ပရဟိတအသင်းထံမှ သိရသည်။
မွန်ပြည်နယ်အတွင်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲသည့်ဖြစ်စဉ် ဆက်တိုက်ဖြစ်ပွား ခဲ့လာပြီး အထူးသဖြင့် စစ်ရေးတင်းမာနေသည့် ရေး၊ သံဖြူဇရပ်၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရောမြို့နယ်အတွင်းက ဒေသခံပြည်သူများ မြေမြှုပ်မိုင်းအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။

သွားလာအသုံးပြုနေကြသည့်လမ်း၊ ကျေးရွာအနီးအနားတဝိုက်ရှိ ခြံ စသည့် နေရာမျိုးတွင် နင်းမိသူများရှိသလို တောထဲ၊ တောင်ထဲသွားစဉ် မြေမြှုပ်မိုင်း နင်းမိသူများလည်းရှိနေသည်။ မိုင်းကြောင့် အရပ်သားသေဆုံးမှုရှိသလို ခြေထောက် ပြတ်တောက်သွားသူ၊ ထိခိုက်ဒဏ်ရာရသူလည်း အများအပြားရှိနေသည်။
စစ်ရေးတင်းမာနေသည့် သံဖြူဇရပ်မြို့နယ်တွင် ပြီးခဲ့သည့် မတ်လအတွင်းက ဝဲခမိကျေးရွာနေ အမျိုးသားတစ်ဦး ခြံသွားစဉ် လမ်းတွင် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲပြီး ခြေထောက်ပြတ်တောက်ဒဏ်ရာရခဲ့သေးသည်။
သံဖြူဇရပ်မြို့နယ်အတွင်း မြေမြုပ်မိုင်းနင်းမိပေါက်ကွဲမှု မကြာခဏဖြစ်ပွားနေပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း မြေမြုပ်မိုင်းနင်းမိပေါက်ကွဲသည့်ဖြစ်စဉ် ခြောက်ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။