BREAKING
May 8, 2025

ကျိုက်ထိုတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေ၍ ဒေသခံတစ်သောင်းခန့် စစ်ဘေးရှောင်ထွက်ပြေး

May 8, 2025

ပုံစာ - ကျိုက်ထိုမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေ။ ဓာတ်ပုံ - KNU

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ဆက်တိုက်လုပ်ဆောင်နေ၍ ဒေသခံပြည်သူ တစ်သောင်းခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေ ကြရသည်။

စစ်ကောင်စီက ကျိုက်ထိုမြို့နယ်နှင့် သထုံမြို့နယ်အတွင်း ကျေးရွာများကို ဧပြီလ ၂၈ ရက်နှင့် မေလ ၂ရက်၊ ၄ရက်၊ ၆ ရက်နေ့တို့တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်သည်။

ယင်းအပြင် မေလ ၂ ရက်နေ့က စစ်ကောင်စီ ခမရ-၂၀၇၊ အမတ-၃၁၀ တပ်ရင်းတို့မှ ၆၀ မမ၊ ၈၁ မမ နှင့် ၁၂၀ မမ လက်နက်ကြီး စုစုပေါင်း ၁၂ လုံးဖြင့် ပစ်ခတ်ခဲ့ရာ သုံးခွရေကျော် ဓမ္မဒူတဘုန်းကြီးကျောင်းအနီးနှင့် ရွာပြင်ရှိလုပ်ငန်းခွင်များအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ရော်ဘာပင်များ ထိခိုက်ပျက်စီးခဲ့ရသည်။

အလားတူ မေလ ၄ ရက်နေ့တွင်လည်း စစ်ကောင်စီ ခမရ-၂၀၆၊ အမတ-၄၀၂ တပ်ရင်းတို့မှ လက်နက်ကြီး ၂ လုံးစီ ပစ်ခတ်ခဲ့ရာ ကော့လှိုင်းကျေးရွာအုပ်စုအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံများ လုပ်ကိုင်စားသောက်နေသည့် လုပ်ငန်းခွင်အချို့ ထိခိုက်ပျက်စီးခဲ့ရသည်။

ယင်းကြောင့် ကျိုက်ထိုမြို့နယ်အတွင်းက ဒေသခံ ပြည်သူ ၈၈၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူများအတွက် အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေသည်။

“လေကြောင်းတိုက်ခိုက်မှုတွေက ဆက်တိုက်ပြုလုပ်လာနေတဲ့အတွက် ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ တောထဲ တောင်ထဲကို ထွက်ပြေးနေကြရတော့ အစားအသောက်တွေ ပြီးတော့ နေထိုင်ဖို့အတွက် အမိုးအကာလိုမျိုး လိုအပ်နေတယ်” ဟု ထွက်ပြေးတိမ်းရှောင်နေကြရသူများကို အကူအညီပေးနေသူတစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျိုက်ထိုနှင့် သထုံမြို့နယ်တွင် ဆေးရုံ ၁ ရုံ၊ ဘုန်းကြီးကျောင်း ၂ ကျောင်းနှင့် စိုက်ပျိုးခြံများစွာ ထိခိုက်ပျက်စီးခဲ့ရသည်ဟု KNU က ထုတ်ပြန်ထားသည်။