စက်သုံးဆီ အခက်အခဲကြောင့် မွန်ပြည်နယ်တွင် ကုန်ပစ္စည်းပို့ဆောင်ခ လေးဆခန့်အထိ မြင့်တက်လာကြောင်း ကုန်ပစ္စည်းပို့သူအချို့ထံမှ သိရသည်။
စက်သုံးဆီ ဝယ်ယူရခက်ခဲပြီး စျေးမြင့်တက်နေသောကြောင့် ယာဉ်စီးခနှုန်းထားများ မြင့်တက်လာသလို အနယ်နယ် အရပ်ရပ်သို့ ကုန်ပစ္စည်းတန်ဆာခလည်း မြင့်တက်လာကြောင်း ၎င်းတို့က ဆိုသည်။
“ဆီအခက်အခဲဖြစ်လို့ ဆီစျေးတက်လို့ဆိုပြီး တန်ဆာခတွေ အသားကုန်တောင်းတာ၊ ပို့နေကြ တစ်သောင်း၊ နှစ်သောင်းလောက်က အခု ရှစ်သောင်း၊ တစ်သိန်းအထိ တောင်းကြတာ။ ကုန်ပစ္စည်းတွေ စျေးတက်တာလည်း မပြောနဲ့တော့” ဟု ကုန်ပစ္စည်းပို့သူတစ်ဦးက ပြောသည်။
ကားခ၊ ကုန်ပစ္စည်းပို့ဆောင်ခများ မြင့်တက်လာသည့်အတွက် ကုန်စျေးနှုန်းများလည်း ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ စျေးနှုန်း မြင့်တက်နေကြောင်း စျေးကွက်အတွင်းမှ သိရသည်။
“ကားခတွေ တက်လာတော့ ပစ္စည်းတွေကလည်း စျေးလိုက်တက်ရတာပေါ့လေ။ အခု သင်္ကြန်လည်း နီးလာပြီးဆိုတော့ စျေးနှုန်းတွေက အတက်ဘက်ပါပဲ။ ထိုင်းက လာတဲ့ပစ္စည်းတွေဆိုရင်တော့ တစ်မျိုးကို သုံးလေးထောင်တက်တယ်။ ဆီတို့ ဘာတို့ဆို တက်တယ်” ဟု ထိုင်းကုန်ပစ္စည်းရောင်းသည့် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
စက်သုံးဆီ အခက်အခဲကြုံတွေ့နေရသည်မှာ တစ်လကျော်လာပြီဖြစ်သည်။ လက်ရှိတွင်လည်း စက်သုံးဆီ ဝယ်ယူရရှိရန် နာရီနှင့်ချီ တန်းစီနေကြရဆဲဖြစ်သည့်အပြင် ညအိပ် တန်းစီစောင့်ဆိုင်း ဝယ်ယူရသည်များလည်း ရှိနေကြောင်း သုံးစွဲသူများထံမှ သိရသည်။
“ဆီအခြေအနေက ပိုတောင် ဆိုးလာသေးတယ်။ ည ၁၂ နာရီအထိ တန်းစီလည်း မရတာရှိတယ်” ဟု လူငယ်တစ်ဦးက ပြောသည်။
မွန်ပြည်နယ်တွင် စက်သုံးဆီရည်ညွှန်းစျေးမှာ ၉၂ တစ်လီတာ ၄၈၂၅ ကျပ်၊ ၉၅ တစ်လီတာ ၅၁၉၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၆၃၉၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၆၄၂၀ ကျပ်အထိ စျေးမြင့်တက်နေသည်။
ပြင်ပမှောင်ခိုစျေးကွက်မူ စက်သုံးဆီ တစ်လီတာ ကျပ်နှစ်သောင်းအထိ အရောင်းအဝယ်ပြုလုပ်နေကြသည်။
ပုံစာ – မော်လမြိုင် အဝေးပြေးကားဂိတ် (ပုံဟောင်း)
ဓာတ်ပုံ – မြို့ခံတစ်ဦး။







