ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဟိုတယ်တစ်လုံးတွင် ဘတ်သိန်းချီ တန်ဖိုးရှိသော ရွှေဆွဲကြိုးကို ခိုးယူသည်ဟု စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဇန်နဝါရီလ ၆ရက်နေ့ ည ၈ နာရီခန့်က ဘန်ကောက်မြို့ ဘန်ကပီနယ်မြေ ခလောင်ချမ်းဒေသ အာရှဟိုတယ်အနီးတွင် အသက် ၃၅ နှစ်အရွယ် ကိုကျော်လွင်ကို ရွှေခိုးယူမှုစွပ်စွဲချက်ဖြင့် ဝရမ်းနှင့်အတူ လတ်ဖလောင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ဇန်နဝါရီလ ၂ရက်နေ့က ဟိုတယ်တစ်လုံးတွင် ဘတ် သိန်းချီတန်ဖိုးရှိသော ရွှေဆွဲကြိုးတစ်ကုံး ခိုးယူခံရသဖြင့် ရဲတပ်ဖွဲ့ထံ လာရောက်တိုင်ကြားခဲ့ကြောင်း ဖော်ပြသည်။
ရွှေဆွဲကြိုးက မည်သည့်ပုံစံဖြင့် ပျောက်ဆုံးသည်ကိုမူ သတင်းတွင် ဖော်ပြထားခြင်းမရှိပေ။
ရဲတပ်ဖွဲ့ CCTV မှတ်တမ်းများကို တိုက်ဆိုင်စစ်ဆေးပြီးနောက် မြန်မာနိုင်ငံသားကို ဝရမ်းထုတ်၍ နောက်ယောင်ခံ ရှာဖွေနေစဉ် ဟိုတယ်အနီးတွင် ပေါ်လာသဖြင့် ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။
ဖမ်းဆီးခံရစဉ် မြန်မာနိုင်ငံသားသည် အခင်းဖြစ်သောနေ့က ဝတ်ဆင်ခဲ့သော အဝတ်အစားကိုပင် ဝတ်ဆင်ထားပြီး ၎င်းနှင့်အတူ ဘတ်သုံးသိန်းခန့် တန်ဖိုးရှိ ရွှေဆွဲကြိုးကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။
အဆိုပါဆွဲကြိုးမှာ ခိုးယူခံရသော ရွှေဆွဲကြိုးဖြစ်သည်ကြောင်း ရဲတပ်ဖွဲ့ဘက်က ဆိုသည်။
ရဲတပ်ဖွဲ့က သူနေထိုင်ရာ အခန်းထဲ ဆက်လက်ရှာဖွေရာ WY မူးယစ်ဆေး ၁၄၄ ပြား၊ ငွေသား ၁၉၆၀၀၀ ဘတ်နှင့် ဆိုင်ကယ်၊ ဘဏ်စာအုပ်များကိုလည်း တွေ့ရှိခဲ့သဖြင့် သိမ်းဆည်းခဲ့ကြောင်း ဖော်ပြသည်။
လက်ရှိတွင် မြန်မာနိုင်ငံသားကို ခိုးယူမှု၊ မူးယစ်ဆေးလက်ဝယ်တွေ့ရှိမှု၊ မူးယစ်ဆေး သုံးစွဲမှုများဖြင့် ကနဦး အမှုဖွင့်ထားပြီး လတ်ဖလောင်းရဲစခန်းသို့ လွှဲပြောင်းပေးထားကြောင်း သတင်းတွင် ဖော်ပြသည်။
Ref: Daily News, Police news







