မွန်ပြည်နယ်တွင် ယခု နိုဝင်ဘာလဆန်းပိုင်းတွင် စက်သုံးဆီ ပြတ်လပ်ပြီး ဝယ်ယူရ ခက်ခဲနေကြောင်း ဒေသခံများနှင့် စက်သုံးဆီ အရောင်းဆိုင်အချို့ထံမှ သိရသည်။
နိုဝင်ဘာလ ၁ရက်ကစပြီး စက်သုံးဆီအရောင်းဆိုင်အများစုတွင် စက်သုံးဆီ ပြတ်လပ်ကြောင်း ၎င်းတို့ထံမှ သိရသည်။
ယခင်က မွန်ပြည်နယ်သို့ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီသိုလှောင်ကန်မှတစ်ဆင့် လာရောက်ဖြန့်ဖြူး သော်လည်း ယခု နိုဝင်ဘာလတွင် မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာရှိ ရာဇာမင်းစက်သုံးဆီ သိုလှောင်ကန်မှတစ်ဆင့် ဖြန့်ဖြူးကြောင်း ဆီအရောင်းဆိုင်များထံမှ သိရသည်။
ယင်းသို့ ဖြန့်ဖြူးရာတွင် စနစ်တကျ မရှိသည့်အတွက် ဆီဘောက်ဆာကား တင်သည့်အချိန် ကြန့်ကြာပြီး အရောင်းဆိုင်များတွင် ဆီပြတ်လပ်ခြင်းဖြစ်ကြောင်း ဆီအရောင်းဆိုင်များထံမှ သိရသည်။
“ရာဇာမင်းဆီကန်မှာက ဆီဖြည့်ရတာ ကြာတယ်။ ဆီဖြည့်ဖို့ စောင့်နေတဲ့ကားတွေလည်း အများကြီးပဲ။ အဲဒီမှာ ကြာနေတော့ ဆီမဖြန့်နိုင် ဖြစ်သွားတယ်။ အဲဒါကြောင့် ဆီပြတ်လပ်သွားတာ” ဟု စက်သုံးဆီအရောင်းဆိုင်တစ်ခုမှ အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိတွင် စက်သုံးဆီ ဝယ်ယူရန် ခက်ခဲနေပြီး လိုသလောက် ဝယ်မရသည့်အခြေအနေ ရှိနေကြောင်း မုဒုံဒေသခံတစ်ဦးက ဆိုသည်။
“တချို့ဆိုင်မှာ ဝယ်မရဘူး။ ဝယ်ရတဲ့ဆိုင်မှာကလည်း လိုသလောက် ဝယ်မရဘူး။ အကန့်အသတ်နဲ့ ရောင်းပေးနေတာပေါ့။ ဘာကြောင့်လဲတော့ ကိုယ်လည်း မသိဘူး” ဟု ၎င်းက ပြောဆိုသည်။
လက်ရှိတွင် စက်သုံးဆီ ဈေးနှုန်းလည်း မြင့်တက်လာနေကြောင်း မော်လမြိုင်မြို့ခံများထံမှ သိရသည်။
လက်ရှိတွင် စက်သုံးဆီ ၉၂၊ ၉၅ တစ်လီတာ ကျပ် ၃၀၀၀ ဝန်းကျင်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၃၅၀၀ ဝန်းကျင် စျေးရှိနေကြောင်း သုံးစွဲသူများထံမှ သိရသည်။
စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်တပ်၏ စက်သုံးဆီ တင်သွင်းခွင့် ကန့်သတ်မှုကြောင့် မွန်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံအနှံ့တွင် စက်သုံးဆီ ပြတ်လပ်သည့်ပြဿနာ မကြာခဏ ရင်ဆိုင်ကြုံတွေ့နေရပြီး စက်သုံးဆီစျေးနှုန်းလည်း အဆမတန်မြင့်တက်ခဲ့သည်။







