BREAKING
November 7, 2025

မဟာချိုင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် တရားမဝင်လုပ်ကိုင်နေသော မြန်မာ ၃၀ ဦး ဖမ်းဆီးခံရ

November 7, 2025

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၃၀ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

နိုဝင်ဘာလ ၅ ရက်နေ့က မဟာချိုင် ကထူးဘင်ဒေသ ထာ့စောင်နေရာရှိ ဆောက်လုပ်ရေးဆိုဒ်ထဲတွင် မြန်မာနိုင်ငံသားများ တရားမဝင် အလုပ်လုပ်ကိုင်နေကြောင်း တိုင်ကြားလာသဖြင့် ခရိုင်မှူးအပါအဝင် အာဏာပိုင်များက ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

လုပ်ငန်းခွင်ထဲတွင် အလုပ်သမား ၇၀ ကျော် အလုပ်လုပ်ကိုင်နေသည်ကို တွေ့ရပြီး ၎င်းတို့အနက် မြန်မာနိုင်ငံသား ၆၅ ဦးအလုပ်လုပ်ကိုင်နေသည်ကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံသားများကို စစ်ဆေးရာ အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ၃၀ ဦးက အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။

စာရွက်စာတမ်းများမရှိဘဲ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၃၀ ဦးကို အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ ဝင်ရောက်လုပ်ကိုင်မှု၊ တရားမဝင် ဝင်ရောက်မှုများဖြင့် အမှုဖွင့် အရေးယူထားပြီး ကထူးဘင်ရဲစခန်းသို့ ပို့ဆောင်ခဲ့ဟုဆိုသည်။

ထိုင်းရောက်မြန်မာအလုပ်သမားများသည် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ကျခံရနိုင်ပြီး နေရပ် ပြန်လည်အပို့ခံရမည်ဖြစ်ကာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့် ၂ နှစ် ပိတ်သိမ်းခံရမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက သတိပေးထားသည်။

Ref: MC News, Krathum Bean News