BREAKING
November 7, 2025

ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း မိုင်းခွဲခံရပြီး ရထားခရီးစဉ်များ ယာယီဖျက်သိမ်း

November 7, 2025

ပုံစာ - ယနေ့ နံနက်ပိုင်းက မိုင်းခွဲခံရမှုကြောင့် လမ်းချော်သွားသည့် မီးရထားတွဲများ။ ဓာတ်ပုံ - မော်လမြိုင်ဘူတာကြီး

မွန်ပြည်နယ်၊ သထုံမြို့နယ် သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြား ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း ယနေ့ နိုဝင်ဘာလ ၇ ရက် နံနက်ပိုင်း မိုင်း‌ခွဲဖျက်ဆီးခံရပြီး ရထားခရီးစဉ်များ ယာယီဖျက်သိမ်းထားကြောင်း မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ထားသည်။

ယနေ့ နံနက် ၈ နာရီဝန်းကျင်က ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း မိုင်တိုင် ၁၂၅/ ၁၈- ၁၉ ကြားတွင် အမှတ် (၆၈၆) အစုန်ကျောက်ရထား ဖြတ်သန်းစဉ် မိုင်းပေါက်ကြောင်း ဆိုသည်။

ရထားလမ်းပိုင်း မိုင်းဖောက်ခွဲခံရမှုကြောင့် ရထားသံလမ်း နှစ်ဆက်ခန့် ပျက်ဆီးသွားပြီး ကျောက်တင်သည့် ရထား စက်ခေါင်း အပါအဝင် အတွဲ ၄ တွဲ လမ်းချော်ခဲ့ကြောင်း မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။

ထို့ကြောင့် မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် ၈၂ အစုန် မော်လမြိုင်-ရန်ကုန် ရထားနှင့် ရန်ကုန်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် ၈၁ အဆန် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များကို နိုဝင်ဘာလ ၇ ရက်ကစပြီး ယာယီဖျက်သိမ်းထားကြောင်း ဖော်ပြသည်။

မိုင်းခွဲဖျက်ဆီးခံရသည့် ရထားလမ်းတံတားကို မြန်မာ့မီးရထားက အမြန်ဆုံးပြင်ဆင်ပြီးစီးနိုင်အောင် ကြိုးပမ်းလျက်ရှိပြီး ရထားပုံမှန်ပြန်လည်ပြေးဆွဲမည့်ရက်ကို ပြန်လည်ထုတ်ပြန်မည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ထားသည်။

“မိုင်းခွဲခံရလို့ ရထားလမ်း နှစ်ဆက်လောက် ပျက်စီးသွားတယ်။ ရထားတွဲတွေလည်း လမ်းချော်သွားတော့ ရထား ခရီးစဉ်တွေ ယာယီဖျက်သိမ်းထားရတယ်။ ပိတ်ဆို့နေတဲ့ လမ်းပိုင်းကို အမြန်ဆုံးပြုပြင်ပြီးရင်တော့ ရထားတွေ ပုံမှန်ပြန်ပြေးဆွဲသွားမယ်” ဟု မော်လမြိုင်ဘူတာကြီးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ခရီးသွားပြည်သူများ ဝယ်ယူထားသော ရထားလက်မှတ်များအတွက် ငွေပြန်အမ်းမည်ဖြစ်ကြောင်းမော်လမြိုင်ဘူတာကြီးက ကြေညာထားသည်။

မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် မိုင်းခွဲဖျက်ဆီးသည်ကိုမူ မသိရသေးပေ။

စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းများ၊ လမ်းပိုင်းတစ်လျှောက်ရှိ ရထားသံတံတားများနှင့် ကုန်တင်ရထားများ မကြာခဏ မိုင်းခွဲဖျက်ဆီးခံရသည်။