BREAKING
October 19, 2025

မြန်မာအမျိုးသမီးကို မုဒိမ်းကျင့်ကာ ရုပ်သံရိုက်ခဲ့သော ထိုင်းနိုင်ငံသားကိုဖမ်းဆီး

August 7, 2025

ပုံစာ - ကျူးလွန်ခဲ့သော ထိုင်းနိုင်ငံသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးနေစဉ်

မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်ပြီး ရုပ်သံရိုက်ကူးခဲ့သော ထိုင်းနိုင်ငံသားကို ဖူးခက်မြို့တွင် ဩဂုတ်လ ၄ ရက်နေ့ညက ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယခုနှစ် မေလက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖူးခက်မြို့ စားသောက်ဆိုင်တစ်ခုတွင် ကျင်းပခဲ့သော မွေးနေ့ပွဲတစ်ခုသို့ ထိုင်းနိုင်ငံသား Yotsaphan Wichetwarinwet နှင့်အတူ ၎င်း၏ မြန်မာအမျိုးသမီးချစ်သူအပါအဝင် မြန်မာအမျိုးသမီးနှစ်ဦးတို့ အတူတက်ရောက်ခဲ့ကြကြောင်း သတင်းတွင်ဖော်ပြထားသည်။

မြန်မာအမျိုးသမီးနှစ်ဦးတို့သည် ရင်းနှီးသော သူငယ်ချင်းများဖြစ်ကြပြီး အသက် ၄၀ နှစ်အရွယ် ထိုင်းနိုင်ငံသား Yotsaphan Wichetwarinwet က ၎င်းချစ်သူ၏ သူငယ်ချင်းဖြစ်သူကို မုဒိမ်းကျင့်ခဲ့ခြင်းဖြစ်သည်။

ကျူးလွန်ခံရ‌သော မြန်မာအမျိုးသမီးက စားသောက်ဆိုင်ထဲတွင် အရက် ၂ ခွက်ခန့် သောက်ခဲ့ပြီးနောက် သူမ သတိမရှိတော့ကြောင်း၊ အိပ်ယာမှနိုးလာသောအခါ ထိုင်းနိုင်ငံသား၏ အခန်းထဲတွင် ရောက်ရှိနေပြီး ၎င်း၏ သူငယ်ချင်းဖြစ်သူလည်း ဘေးတွင် ရှိနေကြောင်း၊ ပြန်စဉ်းစားကြည့်သောအခါ ဘာမှ သတိပြန်မရတော့ကြောင်း ကျူးလွန်ခံရသော မြန်မာအမျိုးသမီးက ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားသည်။

ထို့ကြောင့် ယင်းအခန်းထဲတွင် ဘာမှမဖြစ်သွားဟု ထင်မြင်မိသော်လည်း ပြီးခဲ့သောအပတ်က သူငယ်ချင်းဖြစ်သူထံမှ ရုပ်သံမှတ်တမ်းတစ်ခုပို့လာခဲ့ရာမှ ဖြစ်စဉ်အမှန်ကို သိရှိသွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကထွက်ဆိုသည်။

ယင်းရုပ်သံထဲတွင် သတိမရှိနေသော သူမကို ထိုင်းနိုင်ငံသားက အဓမ္မပြုကျင့်နေသည်ကို တွေ့မြင်လိုက်ရသဖြင့် လုံးဝ တုန်လှုပ်သွားမိကြောင်း ၎င်းကဆိုသည်။

ယင်းရုပ်သံမှတ်တမ်းကို သူမကိုယ်တိုင် မသိလိုက်ဘဲ ရိုက်ကူးထားခြင်းဖြစ်ပြီး ရုပ်သံမှတ်တမ်းအရ သူမသတိမရှိနေသောအချိန် အားနည်းချက်ကို အခွင့်ယူ၍ အဓမ္မကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ကျူးလွန်ခံရသော မြန်မာအမျိုးသမီးက ထွက်ဆိုထားသည်။

ထို့နောက် မြန်မာအမျိုးသမီးက ဝီချစ်ရဲစခန်းတွင် ချက်ချင်းအမှုဖွင့်တိုင်ကြားခဲ့ပြီး ထိုင်းနိုင်ငံသားကလည်း မြောက်ပိုင်းခရိုင်များသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

နောက်ပိုင်း ထိုင်းနိုင်ငံသားက ဖူးခက်မြို့သို့ ပြန်လည်ရောက်ရှိလာချိန်တွင် ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းပြီးနောက် ဖူးခက်တရားရုံး၏ ဝရမ်းအရ တလတ်ယိုင်ဈေးအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

လက်ရှိတွင် ထိုင်းနိုင်ငံသားကို အဓမ္မပြုကျင့်မှု၊ ရုပ်သံမှတ်တမ်းရယူမှုနှင့် ဖြန့်ဝေမှုတို့ဖြင့် အမှုဖွင့်ထားသည်။

သို့သော်လည်း ထိုင်းနိုင်ငံသားက အမှုအားလုံးကို ငြင်းဆိုထားသည်။

Ref: The Thaiger, Thai News