BREAKING
June 7, 2025

ချင်းမိုင်တွင် ကြောင်ကို ရေမြောင်းထဲ ကန်ချခဲ့သော မြန်မာတစ်ဦး ဖမ်းဆီးခံရ

June 7, 2025

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် အိပ်နေသော ကြောင်တစ်ကောင်ကို ရေမြောင်းထဲ ကန်ချခဲ့သော မြန်မာနိုင်ငံသားတစ်ဦးကို ဇွန်လ ၆ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။

ဖမ်းဆီးခံရသူသည် အသက် ၁၉ နှစ်အရွယ် ကိုကျိုင်စိုင်းအမည်ရှိ မြန်မာနိုင်ငံသားဖြစ်သည်။

ပြီးခဲ့သော ဇွန်လ ၁ ရက်နေ့ မနက် ၂ နာရီခန့်က ကိုကျိုင်စိုင်းအပါအဝင် မြန်မာနိုင်ငံသားနှစ်ဦးသည် ရေမြောင်းဘေး လမ်းလျှောက်လာစဉ် လမ်းဘေးအိပ်နေသော ကြောင်တစ်ကောင်ကို ကိုကျိုင်စိုင်းက ရေမြောင်းထဲသို့ ကန်ချလိုက်သည်ကို ဗီဒီယိုမှတ်တမ်းအရ သိရသည်။

ယင်းဖြစ်စဉ်ကို CCTV မှတ်တမ်းတွင် ရိုက်မိထားပြီး ထိုင်းနိုင်ငံသား ကြောင်ပိုင်ရှင်က Facebook ပေါ်သို့ တင်လိုက်ရာမှ လူအများကြား ဝေဖန်မှုများ မြင့်လာခြင်းဖြစ်သည်။

ကြောင်သည် နှစ်နှစ်သားအရွယ်ရှိပြီး ကြောင်ပိုင်ရှင်က ဇွန်လ ၂ ရက်နေ့တွင် ရဲစခန်းသို့ တိုင်ချက်ဖွင့်ခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့ကလည်း CCTV မှတ်တမ်းများကတစ်ဆင့် ခြေရာခံစစ်ဆေးရာမှ ကိုကျိုင်စိုင်းကို နေထိုင်ရာအခန်းထဲတွင် ဖမ်းဆီးခဲ့ပြီး ရဲစခန်းသို့ ခေါ်ယူမေးမြန်းခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။

ယင်းညက ကိုကျိုင်စိုင်းတို့ သူငယ်ချင်းနှစ်ဦးသည် လမ်းလျှောက်လာစဉ် ကြောင်ကို မြင်ရ၍ ကျီစယ်လိုသဖြင့် ရေမြောင်းထဲ ကန်ချမိခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။

ယင်းနေရာအနီးတွင် CCTV တပ်ဆင်ထားသည်ကို မသိရှိကြောင်း၊ ဖြစ်စဉ်ကို မှတ်တမ်းတင်ထားသော ဗီဒီယိုဖိုင်ကို တွေ့ရှိရပြီးနောက် စိုးရိမ်သွားကြောင်း ဝန်ခံချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ကိုကျိုင်စိုင်းကို တိရိစ္ဆာန်ညှင်းပန်းမှုဖြင့် အမှုဖွင့်ထားကြောင်း သတင်းတွင် ဖော်ပြထားသည်။

ကြောင်သည် ရေမြောင်းထဲ ကန်ချခံရပြီးနောက် ၎င်းကိုယ်တိုင် ကူးခပ်၍ ကုန်းပေါ်ပြန်တက်လာခဲ့ပြီး လက်ရှိအချိန်တွင် အပြင်သို့ ထွက်ကစားလိုခြင်းမရှိတော့ကြောင်း ကြောင်ပိုင်ရှင်၏ ဖြေကြားချက်ကို ဖော်ပြထားသည်။

Ref: Matichon Online, CH 7, One 31