BREAKING
June 7, 2025

ကော့စမွေတွင် ဆိုင်ကယ်ခိုးသည်ဆိုသော မြန်မာစုံတွဲ ဖမ်းဆီးခံရ

June 7, 2025

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွေကျွန်းတွင် ဆိုင်ကယ်ခိုးယူသည်ဟူသော စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသား လင်မယားနှစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသူများမှာ အသက် ၂၄ နှစ်အရွယ် ကိုလမင်းနှင့် အသက် ၂၅ နှစ်အရွယ် မချစ်နှင်းအိစံတို့ဖြစ်ကြပြီး ၎င်းတို့နေထိုင်ရာ ဘိုဖွတ်ဒေသရှိ အခန်းထဲတွင် သက်သေများနှင့်အတူ ဇွန်လ ၆ ရက်နေ့ ညနေက ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။

ပြီးခဲ့သော ဇွန်လ ၃ ရက်နေ့ညက ထိုင်းနိုင်ငံသားတစ်ဦးသည် ဆိုင်ကယ်ကို အိမ်အပြင်တွင် ရပ်ထားခဲ့ပြီးနောက် မနက်မိုးလင်း အိပ်ယာက နိုးသောအခါ ဆိုင်ကယ်ပျောက်သွားသဖြင့် ဘိုဖွတ်ရဲစခန်းတွင် တိုင်ချက်ဖွင့်ခဲ့သည်။

ရဲတပ်ဖွဲ့က အနီးရှိ CCTV မှတ်တမ်းများကို စစ်ဆေးရာ အမျိုးသား၊ အမျိုးသမီးနှစ်ဦး Honda scoopy ပန်းရောင်ဆိုင်ကယ်ကို ခိုးယူတွန်းသွားခဲ့ပြီး ဆိုင်ကယ်ပြင်ဆိုင်တွင် သော့ပြင်ခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

ယင်းမှတစ်ဆင့် ခြေရာခံ လိုက်လံစစ်ဆေးခဲ့ရာမှ ၎င်းတို့နှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ခိုးယူခဲ့စဉ်က အသုံးပြုသော ဆိုင်ကယ်၊ အဝတ်အစားများကို သက်သေအနေဖြင့် သိမ်းဆည်းခဲ့ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

၎င်းတို့နှစ်ဦးကို ထပ်မံစစ်ဆေးရာ အမျိုးသားက ၄၇၈ ရက်နှင့် အမျိုးသမီးက ၁၁၃ ရက်‌ နေထိုင်ခွင့်ဗီဇာကျော်လွန်နေသည်ကို တွေ့ရှိခဲ့ကြောင်းသိရသည်။

ထို့ကြောင့် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားနှစ်ဦးကို ခိုးမှုနှင့် တရားမဝင် ဝင်ရောက်မှုများဖြင့် အမှုဖွင့်ထားပြီး ဘိုဖွတ်ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: MGR Online, ဘိုဖွတ်ရဲစခန်း