ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် အလုံပိတ်ကားပေါ် တရားမဝင် လိုက်ပါလာသော မြန်မာနိုင်ငံသား ၄၀ ဦးကို ယနေ့ နံနက်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
နံနက် ၆ နာရီခန့်တွင် မြန်မာနိုင်ငံသားများ ကားဖြင့် တရားမဝင် ဝင်ရောက်လာနေကြောင်း သတင်းရရှိသဖြင့် ထိုင်းအာဏာပိုင်များက ထိုးဖားဖမ်းဒေသတွင် စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ စစ်ဆေးနေခြင်းဖြစ်သည်။
ယင်းအချိန် မသင်္ကာစရာ အလုံပိတ်ကားတစ်စီး ရောက်လာသဖြင့် တားဆီးစစ်ဆေးရာ ကားပေါ်တွင် မြန်မာနိုင်ငံသား ၄၀ ဦးနှင့်အတူ ထိုင်းကားသမားတစ်ဦးကို တွေ့ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံသားများကို စစ်ဆေးစဉ် တရားဝင် ခရီးသွားခွင့် စာရွက်စာတမ်းများ မတွေ့ရကြောင်း သိရသည်။
မြန်မာနိုင်ငံသားများကို နယ်စပ်ကတစ်ဆင့် အမြန်လမ်းမကြီးအတိုင်း ခေါ်ဆောင်လာခြင်းဖြစ်ပြီး ကန်ချနဘူရီမြို့ထဲ ပို့ဆောင်ပေးရမည်ဖြစ်ကာ ပို့ဆောင်ခ ဘတ် ၄၀၀၀ ရရှိခဲ့ကြောင်း ကားသမား၏ ထွက်ဆိုချက်ကို ဖော်ပြထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံသားများနှင့်အတူ ကားသမားကို ဖမ်းဆီးခဲ့ပြီး ဥပဒေအရ အရေးယူနိုင်ရေး ထိုးဖားဖမ်းရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သတင်းတွင် ဖော်ပြသည်။
Ref: Kanchanaburi News, MGR Online