မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် တစ်ရက်အတွင်း လူငယ် အမျိုးသား ၃ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ တောင်ကြားရပ်ကွက်နေ အသက် ၃၀ နှစ်အရွယ် ဝင်းကိုဦး၊ အသက် ၂၃ နှစ်အရွယ် စိုးပြည့်ထူးနှင့် အသက် ၂၂ နှစ်အရွယ် အာပေကော်ဆိုသူတို့သည် မေလ ၅ ရက်နေ့ညက ပစ်ခတ် သတ်ဖြတ်ခံရခြင်းဖြစ်သည်။
ကိုဝင်းကိုဦး၊ ကိုစိုးပြည့်ထူးနှင့် အာပေကော်တို့ ၃ ဦးသည် တောင်ကြားရပ်ကွက်၊ လက်ပံကုန်းအပိုင်း တောလမ်းတစ်နေရာတွင် ပစ်သတ်ခံထားရပြီး ၎င်းတို့၏ ရုပ်အလောင်းကို မေလ ၆ ရက်နေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“သူတို့ကို ဘယ်သူတွေက လုပ်သွားလဲဆိုတာကတော့ မသိသေးဘူး။ သူတို့က မူးယစ်ဆေးဝါးနဲ့ ပတ်သက်မှုရှိတယ်လို့လည်း ပြောနေကြတယ်။ ဘယ်သူမှလည်း တိတိကျကျမသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
ကိုဝင်းကိုဦး၊ ကိုစိုးပြည့်ထူးနှင့် အာပေကော်တို့သည် မူးယစ်ဆေးဝါးရောင်းဝယ်နေမှု နှင့်ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က သတိပေး ခံရဖူးသူများ ဖြစ်သည်ဟု ဒေသခံတို့အကြား ပြောဆိုနေကြသည့်အပေါ် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါ လူငယ် ၃ ဦး သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်ပြီး ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဘက်က ထုတ်ပြန်ချက်တစ်စုံတရာ ထုတ်ပြန်လာခြင်းမရှိသေးပေ။
သို့သော် စစ်ကောင်စီထောက်ခံတယ်လီဂရမ်ချန်နယ်များကတော့ ကိုဝင်းကိုဦး၊ ကိုစိုးပြည့်ထူးနှင့် အာပေကော်တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ပစ်ခတ်သတ်ဖြတ်သွားသည်ဟု ရေးသားဖော်ပြနေသည်။
မွန်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူ၊ ပူးပေါင်းသူ၊ စစ်ကောင်စီထောက်တိုင်၊ စစ်ကောင်စီသတင်းပေးဆိုသူတို့အပြင် နိုင်ငံရေးပါတီဝင်များကို ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့က မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။