ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် မြန်မာအလုပ်သမား ၁၆၀ ကျော် အလုပ်လုပ်ကိုင်နေသည့် ဂေါက်ကွင်းကို ထိုင်းအာဏာပိုင်အဖွဲ့က လာရောက်စစ်ဆေးခဲ့ကြောင်း ထိုင်သတင်းဌာနများတွင် ဖော်ပြထားသည်။
မေလ ၆ ရက်နေ့ နေ့လယ်ပိုင်းက ကန်ချနဘူရီမြို့ လတ်ရဒေသရှိ မြန်မာလုပ်ငန်းရှင်တစ်ဦး ငှားရမ်းထားသော နာမည်ကြီးဂေါက်ကွင်းတစ်ခုကို ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ လဝကအဖွဲ့ဝင်များနှင့် အခြားဌာနဆိုင်ရာပေါင်းစုံက ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။
အဆိုပါဂေါက်ကွင်းထဲတွင် မြန်မာနိုင်ငံသားများစွာ ဂေါက်အိတ်ထမ်းသည့်အလုပ်ကို လုပ်ကိုင်နေသဖြင့် ထိုင်းနိုင်ငံသားများ အလုပ်လက်မဲ့ဖြစ်နေသည်ဟု ဌာနဆိုင်ရာများထံ တိုင်ကြားမှုရှိလာသဖြင့် စစ်ဆေးရခြင်းဖြစ်ကြောင်း သတင်းများတွင်ဖော်ပြထားသည်။
ထို့ကြောင့် မြန်မာနိုင်ငံသားများက ထိုင်းနိုင်ငံသားများ၏ အလုပ်များကို ခိုးယူလုပ်ကိုင်နေခြင်းရှိမရှိ ဌာနဆိုင်ရာများက ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဂေါက်ကွင်းထဲတွင် မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီး ၁၆၈ ဦးနှင့်အတူ ထိုင်းနိုင်ငံသား ၈ ဦးတို့က ဂေါက်အိမ်းထမ်းသည့်အလုပ်ကို လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ဟုဆိုသည်။
မြန်မာနိုင်ငံသားများကို စစ်ဆေးရာ အားလုံးတွင် အလုပ်လုပ်ခွင့်လက်မှတ်နှင့် နေထိုင်ခွင့် စာရွက်စာတမ်းများကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် တရားဝင် အလုပ်သမားများဖြစ်ကြောင်း သတင်းများအရ သိရသည်။
ဂေါက်အိတ်ထမ်းသောအလုပ်သည် တားမြစ်ထားသော အလုပ်များထဲတွင် မပါဝင်သဖြင့် မြန်မာနိုင်ငံသားများအနေဖြင့် လုပ်ပိုင်ခွင့်ရှိပြီး အရေးယူခွင့်မရှိဟုလည်း ရဲတပ်ဖွဲ့ကဆိုသည်။
မြန်မာနိုင်ငံသားတစ်ဦး စာရွက်စာတမ်းရှိသော်လည်း ကန်ချနဘူရီခရိုင်ထဲ ၈ လကြာ နေထိုင်နေစဉ် နေထိုင်ကြောင်း သတင်းပေးပို့ခြင်းမရှိသဖြင့် ဒဏ်ငွေ ဘတ် ၄၀၀၀ ချမှတ်ခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။
Ref: Naewna, โจโฉ