မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် နှင်းပုလဲနှင့် တောင်စွန်း ကြားဘူတာကြား ရန်ကုန်-မော်လမြိုင်ရထားလမ်းရှိ တံတားတစ်စင်း မိုင်းခွဲခံရမှုကြောင့် ရထားခရီးစဉ်များ ရပ်နားထားသည်ဟု မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။
မေလ ၆ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်ခန့်က ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း မိုင်တိုင် ၁၁၂/ ၁၀- ၁၁ ကြား အမှတ် ၆၅ တံတား မိုင်းခွဲခံရပြီး ရထားလမ်းပျက်စီးသွားကြောင်း သိရသည်။
ရထားလမ်းပေါ်ရှိ တံတား မိုင်းခွဲဖျက်ဆီးခံရခြင်းကြောင့် မေလ ၆ ရက်နေ့ကစပြီး မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာသည့် အမှတ် ၈၂ အစုန်ရထားနှင့် ရန်ကုန်ဘူတာကြီး မှထွက်ခွာသည့် အမှတ် ၈၁ အဆန် ရထားခရီးစဉ်များကို ယာယီဖျက်သိမ်းထားသည်ဟု မော်လမြိုင်ဘူတာကြီး၏ တာဝန်ရှိသူထံမှ သိရသည်။
လက်ရှိတွင် မိုင်းခွဲဖျက်ဆီးခံရသည့် ရထားလမ်းတံတားကို မြန်မာ့မီးရထားက အမြန်ဆုံးပြင်ဆင် ပြီးစီးနိုင်အောင် ကြိုးပမ်းလျက်ရှိပြီး ရထားပုံမှန်ပြန်လည်ပြေးဆွဲမည့်ရက်ကို ထုတ်ပြန်သွားဟုလည်း ၎င်းက ဆိုသည်။
“ရထားလမ်းတံတား မိုင်းခွဲဖျက်ဆီးခံထားရလို့ ရထားခရီးစဉ်တွေအားလုံးကို ယာယီဖျက်သိမ်းထားရတယ်။ လက်ရှိမှာ ပိတ်ဆို့နေတဲ့လမ်းပိုင်းကို မြန်မာ့မီးရထားကနေ အမြန်ဆုံးပြုပြင်နေပါတယ်” ဟု မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မော်လမြိုင်ဘူတာကြီးအနေဖြင့် ခရီးသွားပြည်သူများ ဝယ်ယူထားသော ရထားလက်မှတ်များကို ပြန်အမ်းငွေများ ပြန်အမ်းပေးနေသည်ဟုလည်း ဆိုသည်။
မေ ၃ ရက်နေ့ ည ၁၁ နာရီကျော်အချိန်ခန့်ကလည်း သထုံမြို့နယ်၊ မိုးကောင်းကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ တံတားတစ်စင်းဖြစ်သည့် မိုးကောင်းတံတားလည်း မိုင်းခွဲခံရသည်။