မွန်ပြည်နယ် အသွင်ပြောင်းစစ်အစိုးရအဖွဲ့ကို ဝန်ကြီးချုပ်၊ ဝန်ကြီး စုစုပေါင်း ၁၀ ဖြင့် ဖွဲ့စည်းလိုက်သည်။
စစ်အုပ်စု၏ မွန်ဝန်ကြီးချုပ်အဖြစ် တပ်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်ဝင်းသန်းကို ခန့်အပ်ခဲ့ပြီး ဝန်ကြီးကိုးဦးတွင်လည်း စစ်အာဏာရှင်တပ်နှင့် စစ်အုပ်စု ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်အများစု နေရာယူထားသည်။
မွန်ပြည်နယ် အသွင်ပြောင်းစစ်အစိုးရအဖွဲ့တွင် ဝန်ကြီးဌာန ၇ခုအတွက် ဝန်ကြီး ၇ ဦး၊ တိုင်းရင်းသားရေးရာဝန်ကြီး သုံးဦး ပါဝင်သည်။
ဝန်ကြီးများ စာရင်းတွင် ကြံ့ခိုင်ရေးပါတီက ၆ ဦး၊ မွန်ညီညွတ်ရေးပါတီက ၂ ဦး၊ ပအိုဝ်းအမျိုးသားတိုးတက်ရေးပါတီက ၁ ဦး ပါဝင်သည်။
စစ်ခေါင်းဆောင်က ဗိုလ်မှူးချုပ်အောင်ဝင်းသန်းအား ဝန်ကြီးချုပ်အဖြစ် ဧပြီလ ၆ရက်တွင် ပြည်နယ်လွှတ်တော်၌ အမည်စာရင်းတင်သွင်းရာ ကန့်ကွက်သူမရှိဘဲ လွှတ်တော်က အတည်ပြုခဲ့သည်။ ယနေ့ ဧပြီလ ၇ရက်တွင်လည်း ဝန်ကြီး ကိုးဦးကို လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုလိုက်သည်။
ဝန်ကြီးခန့်အပ်ခံရသည့် မွန်ညီညွတ်ရေးပါတီက ကိုယ်စားလှယ် နှစ်ဦးမှာ နိုင်လယိတမနှင့် မိလဝီဟန်တို့ဖြစ်သည်။ နိုင်လယိတမသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရပြီး မိလဝီဟန်မှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ခန့်အပ်ခံရသည်။
နိုင်လယိတမသည် စစ်တပ်အာဏာသိမ်းပြီးကတည်းက ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ကာ စစ်ကော်မရှင်ထံတွင်လည်း စီးပွားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။
မိလဝီဟန်ကတော့ စစ်အုပ်စုကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ရေးမြို့နယ် မဲဆန္ဒနယ်မြေမှ အနိုင်ရရှိထားသည့် လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ လူမှုရေးဝန်ကြီးအဖြစ် ဦးတင့်ဇော်ထွန်း၊ စည်ပင်သာယာရေးဝန်ကြီးအဖြစ် ဒေါက်တာအောင်မြတ်ကျော်စိန်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးအဖြစ် ဦးမင်းဇေယျာဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးအဖြစ် ဦးမင်းမြင့်မောင်လေးတို့ကို ခန့်အပ်ခဲ့သည်။
ဗမာတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဦးမျိုးမင်းလှိုင်၊ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဦးချစ်သိန်းနှင့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဦးစောအောင်ကျော်သိန်းတို့ကိုလည်း လွှတ်တော်က အတည်ပြုခန့်အပ်ခဲ့သည်။
ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ဦးတင့်ဇော်ထွန်း၊ ဒေါက်တာအောင်မြတ်ကျော်စိန်တို့သည် စစ်ကော်မရှင်၏ ပြည်နယ်ဝန်ကြီးများ ဖြစ်ကြသည်။







