ဒေသတွင်း တိုက်ပွဲဖြစ်ပွားမှုနှင့် သယ်ယူပို့ဆောင်ရေးအခက်အခဲတို့ကြောင့် ထားဝယ်ဒေသထွက် သင်္ကြန်အတာအိုး ရောင်းအား ယခုနှစ်တွင်လည်း ဆက်လက်ကျနေဆဲဖြစ်ကြောင်း မြေထည်လုပ်ငန်းဖြင့် အသက်မွေးသည့် ထားဝယ်ဒေသခံများက ပြောသည်။
အတာအိုးကို ထားဝယ်မြို့ရှိ အိုးလုပ်ရပ်ကွက်တွင် အဓိက ထုတ်လုပ်ပြီး ထားဝယ်ခရိုင် လေးမြို့နယ်နှင့် မြိတ်၊ ကော့သောင်း ခရိုင်များအထိ ကုန်လမ်း၊ ရေလမ်းတို့ဖြင့် ဖြန့်ဖြူးရောင်းချလေ့ရှိကြသည်။
ယခုနှစ် ဖေဖော်ဝါရီလကတည်းက ထားဝယ်-မြိတ်ကားလမ်းတွင် တိုက်ပွဲပြင်းထန်ကာ ကားလမ်းပိတ်လိုက် ဖွင့်လိုက် ဖြစ်နေသဖြင့် ကားလမ်းမှ အတာအိုးသယ်ယူရန် အဆင်မပြေတော့ကြောင်း ထားဝယ်မြို့က မြေထည်ရောင်းသူတစ်ဦးက ပြောဆိုသည်။
ရေလမ်းဖြင့် ပို့ပါကလည်း အတာအိုး တစ်ခြင်းလျှင် ပစ္စည်းတင်ခ ကျပ်ငါးသောင်းဝန်းကျင် အထိရှိလာသဖြင့် ယခုနှစ်တွင် မြိတ်နှင့် ကော့သောင်းဘက်က အတာအိုး ဝယ်ယူသည့် ပမာဏ ထက်ဝက်ကျော် လျော့ကျသွားကြောင်း ၎င်းက ဆိုသည်။
ကိုဗစ်မတိုင်မီက လှေ ပစ္စည်းတင်ခ တစ်ခြင်းလျှင် ကျပ်ထောင်ဂဏန်းသာရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် သောင်းဂဏန်းအထိ စျေးတက်ခဲ့ကြေင်း မြေထည်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
အတာအိုး အငယ်တစ်ခြင်းလျှင် အလုံးရေ ၁၀ဝ ၊ အတာအိုးကြီးမှာ ၆၀ ခန့်ပါဝင်ပြီး ပုံမှန်အတိုင်း နှစ်စဥ် အလုံးရေ ငါးရာမှ တစ်ထောင် ဝန်းကျင်အထိ မြိတ်နှင့် ကော့သောင်းဘက်သို့ တင်ပို့ရကြောင်း မြေထည်ရောင်းသူများထံမှသိရသည် ။
ထားဝယ်ခရိုင်အတွင်း၌လည်း စစ်ဘေးစစ်ဒဏ်သင့်၍ ရွာလုံးကျွတ်နေရပ်စွန့်ခွာနေသည့် ကျေးရွာများ ပိုတိုးလာသဖြင့် သင်္ကြန်အတာအိုး ရောင်းအားပိုကျလာကြောင်း ဆိုသည် ။
“နယ်မြေမအေးချမ်းတော့ အတာအိုးနဲ့ သင်္ကြန်ကြိုနေဖို့ထက် ရှင်သန်ဖို့ ပြေးလွှားနေရတယ်။ အဲဒီလိုရွာတွေက မနှစ်ကထက်များလာတယ်။ အခုဆို သရက်ချောင်းအောက်ပိုင်းမှာ ပိုများလာတယ်။ တစ်ရွာလောက် မဝယ်တော့ရင်တောင် ရောင်းအား တအားကျသွားတယ်” ဟု ထားဝယ်မြို့ခံ အထက်ပါမြေထည်ရောင်းသူက ပြောသည်။
ထားဝယ်မြို့အိုးလုပ်ရပ်ကွက်တွင် မြေထည်လုပ်ငန်းလုပ်ကိုင်သည့် နေအိမ်လေးခန့်သာကျန်ပြီး သင်္ကြန်ရက်နီးလာပြီ ဖြစ်သော်လည်း ယခုနှစ် အတာအိုးရောင်းအားမှာ လေးအိမ်ပေါင်း အလုံးရေတစ်သောင်းကျော်သာရှိသေးကြောင်း မြေထည်လုပ်ငန်းရှင်များထံမှသိရသည် ။
ယမန်နှစ်က ဧပြီလဆန်းတွင်ပင် အတာအိုး အလုံးရေနှစ်သောင်းခန့်ရောင်းခဲ့ရကြောင်း ၎င်းတို့က ဆိုသည်။
ကိုဗစ်မတိုင်မီက နှစ်စဥ် တစ်နှစ်လျှင် သင်္ကြန်အတာအိုး အလုံးရေ ခုနှစ်သောင်းခန့်ရောင်းအားရှိသော်လည်း ယင်းနောက်ပိုင်းတွင် တစ်နှစ်ထက် တစ်နှစ်ရောင်းအား သိသိသာသာလျော့ကျလာကြောင်း မြေထည်လုပ်ငန်းရှင်များက ပြောဆိုသည်။
ယင်းသို့ အတာအိုး ရောင်းအားကျလာသဖြင့် အတာအိုးဒီဇိုင်းပုံစံအသစ် ဖန်တီးထုတ်လုပ်ခြင်းလည်း မရှိတော့ကြောင်း သိရသည်။
မြေကုန်ကြမ်း သယ်ယူစရိတ်နှင့် အိုးအလှခြယ်ရန် ဆေးရောင်များ စျေးတက်လာခြင်းကြောင့် အတာအိုးတစ်လုံးလျှင် ယမန်နှစ်ထက် ကျပ်နှစ်ရာခန့်စျေးတက်ကာ အတာအိုးငယ် တစ်လုံးလျှင် ၉၀၀ ကျပ် ၊ အကြီးတစ်လုံးလျှင် ၁၁၀၀ ကျပ်ဖြင့် လက်ကား စျေးပေးကြောင်း မြေထည်လုပ်ငန်းရှင်များက ပြောသည် ။
စျေးကွက်အတွင်း၌မူ အတာအိုး အမျိုးအစား နှင့် အရွယ်အစားအပေါ်မူတည်ကာ ၁၅၀၀ ကျပ်မှ ၅၀၀၀ ကျပ်ဝန်းကျင်အထိ ပေးဝယ်ရကြောင်း စုံစမ်းသိရှိရသည်။







