ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သုံးရာသီဥဩ

March 7, 2026

“ ဥဩ…ဥဩ…”

“ ဝေး……”

နွေဟာ နွေပီပီသသပါပဲ။ အလည်တစ်ခေါက် ထပ်ရောက်လာပြန်တယ်။ နဂိုကတည်းက အပူတွေကိုယ်ဝန်ဆောင်ထားလို့ဖြစ်မယ် ဒီနှစ်လည်း ဘယ်လူတစ်ဦးတစ်ယောက်ရဲ့ အပူကိုမှ မငဲ့ကွက်ဘဲ အပြုံးမပျက် ဆက်ဆက်ရှိနေပြန်တယ်။ သူ့အဖော် သူ့အပေါင်း ဖုန်မှုန့်သင်းသင်းတွေ၊ ရော်ရွက်ဝါတွေ၊ ဥဩသံတွေ ခြံရံလျက်။

“ ဥဩ…ဥဩ…”

“ ဝေး……”

ဥဩသံလေးတွေဟာ ပေါ်ချည်ပျောက်ချည်နဲ့ နွေရဲ့ နာကျင်မှုကို ကူပြီး တူးဆွပေးနေရှာတယ်။ ဘယ်သူကများ တာဝန်ပေးထားပါလိမ့်။

“ ဥဩက ဘယ်နားကနေ အော်နေတာလဲ”

“ ဟိုး… အုန်းပင်ထက်မှာတွေ့လား၊ အဖြူရောင်အစက်လေးတွေနဲ့ ငှက်၊ အဲဒါ ဥဩပဲ”

စက္ကူပါးဟောင်းတစ်ချပ်နှယ် ပါးလှပ်လျော့တွဲတွဲ အရေပြားတွေအုပ်မိုးထားတဲ့ ဘွားကြင်အိုရဲ့ လက်ညိုးညွှန်ရာကို ကျွန်တော်လှမ်းကြည့်လိုက်တော့ အုန်းခက်ဖျားအစွန်းမှာ တစ်ကောင်တည်းနားပြီး တစာစာနဲ့ အော်နေတဲ့ ငှက်ကလေးတစ်ကောင်ကို မှုန်မှုန်လေးတွေ့လိုက်ရတယ်။

အသင့်ပါလာတဲ့ အဝေးကြည့်မှန်ဘီလူးလေးကို ထုတ်ပြီး ဒီငှက်ကို ကျွန်တော်သေချာကြည့်ဖြစ်လိုက်တယ်။ အရင်က ပုံတွေထဲ၊ ဗီဒီယိုတွေထဲမှာပဲ မြင်ဖူးခဲ့တာမျိုးပါ။ အခုတော့ သေချာလေး မြင်ခွင့်ရပြီ။ ကိုယ်ထည်အညိုရောင်အောက်ခံပေါ်မှာ အဖြူရောင်အစက်ပြောက်လေးတွေနဲ့။ မျက်လုံးတွေက နီတွတ်ရဲလို့။

“ အေး အဲဒီငှက်ကို မင်းတို့ မြို့သားတွေက ဥဩလို့ ခေါ်ပေမယ့်၊ ငါတို့ဆီတော့ အဲဒီလို မခေါ်ဘူး။ ကိုဝေးငှက်၊ တူဟူးငှက်လို့ ခေါ်တယ်”

ဘွားကြင်အိုစကားကြောင့် အဝေးကြည့်မှန်ဘီလူးကို ခဏပြန်ချပြီး နာမည်အခေါ်အဝေါ်တွေဘက် မေးခွန်းလှည့်ထုတ်ဖြစ်လိုက်သည်။

“ အင်း မင်းသိချင်ရင်ရင်တော့ ငါပြောပြမယ်။ ငါတို့ရွာရဲ့ ပါးစပ်စကားလို့ ပြောမလား ဒဏ္ဍာရီလို့ ပြောရမလားတော့မသိဘူး။ ဒီလိုကွဲ့။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ခုလို နွေရာသီမှာပေါ့။ ငါတို့ ရွာထဲက မိသားစု လေးယောက်က တောထဲကို ဟင်းစားရှာဖို့ ထွက်သွားတယ်။ အဖေရယ်၊ အမေရယ်၊ သားရယ်၊ သမီးရယ်၊ လေးယောက်ပေါ့။

ပုံမှန်အတိုင်းဆို အဖေနဲ့သားက ထင်းရှာတယ်။ အမေနဲ့သမီးက ဟင်းရွက်အသီးတွေ ရှာကြတယ်။ အဲဒီနေ့ကလည်း ဒီလိုပဲသူတို့တွေက ကိုယ်စီကိုယ်င ဆိုင်ရာဆိုင်ရာ ကို လူခွဲပြီး ရှာကြတယ်။ သတ်မှတ်ချိန်မှာ ဆုံနေကြနေရာကို ပြန်လာကြမယ်ပေါ့။

ဒီလိုနဲ့ သတ်မှတ်ချိန်ရောက်တော့ ဆုံနေကျနေရာကို အမေရယ်၊ သမီးရယ်၊ သားရယ်ပဲ ပြန်ရောက်လာကြတယ်။ သားနဲ့အဖေဖြစ်သူက လူကွဲသွားပြီး တစ်ယောက်နဲ့တစ်ယောက် ရှာမတွေ့တော့ဘူးတဲ့။

အဲဒါနဲ့ အမေဖြစ်သူကလည်း စိတ်တွေပူပြီး သားနဲ့သမီးကို သစ်ပင်တစ်ပင် အောက်မှာ ခဏ စောင့်ခိုင်းထားပြီး သူ့ယောကျ်ားကို အရှာထွက်ရတယ်။ ဒါပေမဲ့ ဘယ်လိုရှာရှာ သူ့ယောက်ျားရဲ့ အရိပ်ကိုတောင်မတွေ့ရဘူး။

သားနဲ့သမီးကလည်း အပင်အောက်ကနေ သူ့အမေနဲ့အဖေ ပြန်အလာကို စောင့်နေကြတယ်ပေါ့။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ နေဝင်ချိန်ဘက်ကိုတောင် ရောက်လုနီးသွားတယ်။ အမေရော သူတို့ ဆီကို ပြန်မလာတော့ဘူး။

အဲဒါနဲ့ပဲ အစ်ကို ဖြစ်သူက သူ့ညီမလေးကို ဒီအပင်အောက်ကနေ ဘယ်မှ မသွားဖို့၊ လျှောက်သွား နေရင် အဖေနဲ့အမေရောက်လာတဲ့အခါ လွဲသွားပြီး မတွေ့ဘဲဖြစ်သွားနိုင်ကြောင်း သေချာရှင်းပြပြီး အဖေနဲ့အမေကိုရှာဖို့ တောထဲကို ထွက်ပြန်တယ်။ ဒါပေမဲ့ အစ်ကိုဖြစ်သူက ဘယ်လိုပဲ ရှာရှာ အဖေနဲ့အမေကို မတွေ့ရဘူး။

တဖြည်းဖြည်းနဲ့ နေကလည်း ဝင်တော့မှာမို့ သူ့ညီမလေးကိုလည်း စိုးရိမ်၊ အဖေနဲ့အမေကိုလည်း စိုးရိမ်နဲ့ အစ်ကိုဖြစ်သူတစ်ယောက် မီးပင်လယ်ဝေနေတာပေါ့။ အဲဒီအချိန်မှာပဲ ဘယ်ကမှန်းမသိတဲ့ ကျားကြီးတစ်ကောင်က ခုန်ထွက်လာပြီး အစ်ကိုဖြစ်သူကို ကိုက်သတ်ပစ်လိုက်တယ်။

ဖြစ်ကြောင်းကုန်စင်ကို မသိသေးတဲ့ ညီမလေးဟာ အစ်ကိုရယ်၊ အဖေရယ်အမေရယ်ကို စောင့်ရင်း ငိုနေတာပေါ့။ နေကလည်း တဖြည်းဖြည်းနဲ့ ဝင်နေပြီ။ အမှောင်ထုကြီးကလည်း တရိပ်ရိပ်နဲ့ မင်းမူလာတော့ သူ့ခမျာကြောက်ပြီး ကိုဝေး…..ကိုဝေး လို့ ခေါ်ပြီး ငိုနေရှာတယ်။ ကိုဝေး ဆိုတာက ငါတို့ ဒေသစကားပေါ့။

အစ်ကိုရေ…လို့ပြောချင်တာ။ ညီမလေးဖြစ်သူရဲ့ အားကိုးရာမဲ့ ကြောက်လန့်တကြားငိုသံဟာ တောတစ်တောလုံးကို ညံသွားစေတယ်။ အဲဒီအသံကြောင့် တောစောင့်နတ်သမီးက ကောင်မလေးကို သနားပြီး ငှက်ကလေးတစ်ကောင်အဖြစ် ဖန်ဆင်းပေး လိုက်တယ်။

ငှက်ကလေးဟာ တစ်တောလုံးအနှံ့ပျံသွားပြီး “ကိုဝေး….ကိုဝေး….”လို့ တစာစာနဲ့ အော်ရင်း သူ့မိသားစုကို လိုက်ရှာရှာတယ်။ သူ့မိသားစုဝင်တွေအားလုံး ကျားစာဖြစ်သွားတာကိုတော့ သူမသိလိုက်ဘူးပေါ့။

ဒီလိုနဲ့ နွေရာသီရောက်တိုင်း ဒီငှက်ကလေးဟာ ပေါ်လာပြီး “ ကိုဝေး…..ကိုဝေး…..”လို့ အော်ရင်းရှာနေတတ်တယ်။ ဒါကြောင့် ဒီငှက်ကို တို့ရွာမှာ ကိုဝေးငှက်လို့ ခေါ်ကြတယ်။ ခေတ်ကာလပြောင်းလဲလာတော့ စကားလုံးတွေပြောင်းလဲလာပြီး ခုနောက်ပိုင်းကလေးတွက “တူဟူးငှက်” လို့ ခေါ်ကြတယ်ကွဲ့”

ဇရာ့ဖိနှိပ်မှုကြောင့် ဘွားကြင်အိုရဲ့ အသံတွေဟာ သစ်ရွက်ခြောက်ထက် လေကြမ်းပက်သလို ဟိုက်သံစွန်းနေရှာတယ်။ လွမ်းသံလား နာသံလား ခွဲခြားရခက်တဲ့ ဓာတ်တစ်မျိုးဟာ ဘွားကြင်အိုရဲ့ စကားလုံးတွေမှာ ယီးလေးခိုတွဲနေတာကို ကျွန်တော်သတိထားမိလိုက်တယ်။ ဘာကြောင့်ပါလိမ့်။ ရွာ့ဒဏ္ဍာရီထဲက ကောင်မလေးကို သနားလို့များလား။ ဒါမှမဟုတ်…

“ နောက်ထူးဆန်းတဲ့ တစ်ခု ပြောပြဦးမယ်။ ငါတို့ ရွာမှာက ကိုဝေးငှက်ရဲ့ ကိုဝေး…..ကိုဝေး…. လို့အော်သံကို ကြားရင် ဝေး….. ဆိုပြီး ပြန်ထူးပေးလိုက်ရတယ်။ ဝေး ဆိုတာက တစ်ယောက်ယောက်က ခေါ်လိုက်တဲ့အခါ ရှင်/ဗျာ့ ဆိုပြီး ပြန်ထူးတယ်ပေါ့။ အဲဒီထူးသံကို ကြားလိုက်တာနဲ့ ချက်ချင်းပဲ ကိုဝေးငှက် မင်းတို့ အခေါ် ဥဩငှက်က ဆက်မအော်တော့ဘဲနဲ့ အချိန်တစ်ခုလောက်အထိ ရပ်သွားတတ်တယ်။ မင်း မယုံရင် သူအော်တဲ့ အချိန်ကို စောင့်ပြီး လက်တွေ့ စမ်းကြည့်လို့ရတယ်”

သူ့ဒဏ္ဍာရီအပေါ်ထားတဲ့ သူ့ယုံကြည်မှုဟာ ဘွားကြင်အိုရဲ့ အရေးကြောင်းခွက်ထဲ မြှုပ်လုလုဟန်ဖြစ်နေတဲ့ မျက်လုံးတွေထဲ မှန်တစ်ချပ်လို မြင်သာနေတယ်။ ဒါပေမဲ့ အုန်းခက်စွန်းဖျားမှာ နားနေတဲ့ ဥဩငှက်လေးကတော့ အကိုင်းပြောင်းသွားတာလား၊ ဒါမှမဟုတ် ဘွားကြင်အိုပြောသလိုပဲ မိသားစုပျောက်ရှာတာလားမသိ။ မူလရှိရင်းစွဲနေရာမှာ ရှိမနေတော့ပါ။

“ပူမနေပါနဲ့။ ခု ပျံသွားလည်း နောက်တစ်ခါ အော်သံကြားရင် မင်း စမ်းပြီး ထူးကြည့်စမ်းပေါ့။ နွေမှာဆို သူတို့က ကြားရ ရှာရလွယ်ပါတယ်ကွယ်”

ဘွားကြင်အိုက ကျွန်တော့်ကိုကြည့်ပြီး နှစ်သိမ့်စကားဆိုရှာတယ်။

“မင်းကို ကိုဝေးငှက်၊ အင်း… မင်းတို့စကား ဥဩငှက်အကြောင်းပြောပြဖြစ်မှပဲ ငါကိုယ်တိုင်လည်း ဥဩ ငှက်တစ်ကောင်ဖြစ်နေပါလားဆိုပြီး တွေးမိတယ်ကွယ်။ တကယ့်အစစ်အမှန် ဥဩငှက်တွေကိုကျ နွေဥဩလို့ လို့ခေါ်ရင် ငါ့ကျ ဘယ်လိုဥဩလို့ ခေါ်ရမယ်မသိ”

ဘွားကြင်အိုရဲ့ စကားမှာ အဓိပ္ပာယ်တွေ ပြွတ်သိပ်ထနေတယ်။ စကားမှာသာမဟုတ် ကျွန်တော်ကိုယ်တိုင်မြင်တွေ့နေရတဲ့ ဘွားကြင်အိုရဲ့ မျက်ဝန်းအိုမှာလည် မျက်ရည်စတို့က ပြည့်လုပြည့်ခင်ဖြစ်နေတယ်။

“မင်း စဉ်းစားကြည့်လေ။ တကယ်က ငါ့မှာ သားသမီး ၆ ယောက်၊ မြေး ၁၂ ယောက်နဲ့၊ မြစ် ၅ ယောက်ရှိတယ်။ ခု ဒီအိမ်ကြီးမှာ အရင်က အတူတူနေကြတယ်ပေါ့”

ဘွားကြင်အိုက အိမ်ထဲကို ခေါင်းလှည့်ကြည့်ရင်း ပြောတော့ ဘာရယ်မသိ ကျွန်တော်လည်း အိမ်ထဲဘက် ခေါင်းလှည့်ကြည့်မိတယ်။ အိမ်ထဲမှာတော့ သရက်သီးတွေကို ဆားရည်စိမ်နေတဲ့ ဘွားကြင်အိုရဲ့ မြေးမလေးတစ်ယောက်ပဲတွေ့ရပြီး ကျန်သူတွေကို ကျွန်တော်မတွေ့ရ။

“ ခုတော့ ငါ့နဲ့ဒီမြေးမလေးပဲ ကျန်တော့တယ်။ ငါ့သားတွေသမီးတွေနဲ့ မြေးမြစ်တွေအားလုံးက ကျားစာ ဖြစ်သွားတာတော့ ဘယ်ဟုတ်မလဲ။ နိုင်ငံရေးစာမိပြီး ရှမ်းပြည်(ထိုင်း) ကို ထွက်သွားကြတယ်လေ။ ဒီမှာနေလည်း ပေါ်တာဆွဲတာနဲ့ ဖမ်းတာဆီးတာနဲ့ တစ်နေ့လေးတောင် စိတ်မအေးရဘူး။ မင်းတို့ မြို့မှာတော့ ဘယ်လိုနေလဲမသိဘူး။ ငါတို့ရွာမှာတော့ ငွေလည်းအကောက်ကြမ်း၊ ပေါ်တာလည်း အဆွဲကြမ်းတယ်ကွယ်။

ခု ငါ့အသက် ၇၅ နှစ်ပြည့်ပြီးပြီ။ နိုင်ငံရေးတွေ ဒီလို မဖြစ်ခင် ငါ့ သားသမီးမြေးမြစ်တွေနဲ့ စည်းစည်းလုံးလုံးနေခဲ့တဲ့အချိန်လေးကို မသေခင်တစ်ခေါက်လောက်တော့ ပြန်ရချင်သေးတယ်။

နွေ၊ မိုး၊ ဆောင်း ဘယ်ချိန်ပဲရောက်ရောက် အဲဒီအချိန်ကို ငါ မျှော်လင့်နေတယ်။ ဒါပေမဲ့ ဒီမျှော်လင့်ချက်က ရပဲ ရဦးမလားကွယ်။ ကိုဝေးငှက်ကလေးမှာတောင် ရွာစဉ်လျှောက်ပျံပြီး အော်ခေါ်ခွင့်ရ နေသေးတယ်။ ဒီအဘွားကြီးမှာတော့…….”

ဘွားကြင်အိုဆီက မည်သည့်စကားမှ ဆက်ထွက်မလာတော့ပါ။ နာကျင်ခြင်းခံစားမှုတွေ အားကောင်းလွန်းတဲ့ အခါ ဒြပ်မဲ့စကားလုံးတွေလည်း လည်ပြွန်မှာ အေးခဲစူးရှနေတတ်တယ်မလား။

“ ကိုဝေး….ကိုဝေး….”

ခုနက ခဏပျောက်သွားတဲ့ ဥဩသံလေးက လျှပ်တစ်ပြက်ပြန်ပေါ်လာတော့ ဘွားကြင်အိုက ကျွန်တော့လက်မောင်းကို လှမ်းပုတ်ပြီး အချက်ပြရှာတယ်။

“ဝေး……”

ကျွန်တော်လည်း ချက်ချင်းပဲ ဘွားကြင်အိုပြောထားသလို အော်ထူးဖြစ်လိုက်တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ဥဩငှက်ကလေးဆီက အော်သံတွေဆက်ပြီး ထွက်မလာတော့။

ကျွန်တော့်နံဘေးတွင်ကား နောက်ဖေးတွင် သရက်သီးဆားရည်စိမ်နေတဲ့ မြေးမလေးဆီ အလွမ်းမှည့်မျက်ဝန်းတွေနဲ့ ရီဝေဝေငေးကြည့်နေတဲ့ ဘွားကြင်အိုက ငုပ်တုပ်ထိုင်လျက်။

ထူးသံလေးတစ်ခုနဲ့ ရာသီစာနွေဥဩလေးကို ကျွန်တော်ဖြေသိမ့်ပေးလိုက်နိုင်ပါရဲ့။

သို့သော် သုံးရာသီဥဩမယ်လေးအတွက်ကား ကျွန်တော်တွင် ဖြေသိမ့်ပေးစရာ စကားလုံးများ ရှားပါးလျက်။ ။

ဘရိုင်ယံရိန်း