ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ရေထွက်ကုန်နှင့် ကြက်သွန်နီ ဈေးနှုန်းများ မြင့်တက်လျက်ရှိသည်။
ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့က ထားဝယ်ရေထွက်ကုန်ဈေးကွက်တွင် ပုစွန်ချောကြီး တစ်ပိဿာလျှင် ၅၀,၀၀၀ ကျပ် ရှိရာမှ မတ်လ ၇ ရက်နေ့တွင် ၆၀,၀၀၀ ကျပ်သို့လည်းကောင်း၊ ငါးကွန်းရှပ် (အလတ်စား) တစ်ပိဿာလျှင် ၂၂,၀၀၀ ကျပ်မှ ၂၇,၀၀၀ ကျပ်သို့လည်းကောင်း၊ ပါတူးငါး တစ်ပိဿာလျှင် ၁၂,၀၀၀ ကျပ်မှ ၁၄,၀၀၀ ကျပ်သို့လည်းကောင်း အသီးသီး ဈေးတက်သွားခဲ့သည်။
ထို့ကြောင့် ထားဝယ်ရေထွက်ကုန်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ပုစွန် တစ်ပိဿာလျှင် ၁၀,၀၀၀ ကျပ်၊ ငါးကွန်းရှပ် တစ်ပိဿာလျှင် ၅,၀၀၀ ကျပ်နှင့် ပါတူးငါး တစ်ပိဿာလျှင် ၂,၀၀၀ ကျပ်ခန့် ဈေးမြင့်တက်လာခြင်းဖြစ်သည်။
ထို့အတူ ကြက်သွန်နီဈေးနှုန်းမှာလည်း မြင့်တက်နေပြီး မတ်လ ၁ ရက်နေ့က ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီ (ရိုးရိုး) တစ်ပိဿာလျှင် ၂,၆၀၀ ကျပ် ရှိရာမှ မတ်လ ၇ ရက်နေ့တွင် ၃,၀၀၀ ကျပ်သို့လည်းကောင်း၊ ကြက်သွန်နီ (မြစ်သား) တစ်ပိဿာလျှင် ၃,၃၀၀ ကျပ်မှ ၃,၅၀၀ ကျပ်သို့လည်းကောင်း အသီးသီး ဈေးတက်သွားသည်။
တစ်ပတ်အတွင်း ကြက်သွန်နီ (ရိုးရိုး) တစ်ပိဿာလျှင် ၄၀၀ ကျပ်နှင့် ကြက်သွန်နီ (မြစ်သား) တစ်ပိဿာလျှင် ၂၀၀ ကျပ်စီ မြင့်တက်သွားခြင်းဖြစ်သည်။
ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်၌ ကြက်သွန်ဖြူ အမျိုးအစားအချို့ ပြတ်လပ်နေဆဲဖြစ်သည်။ သို့သော် သီတင်းပတ် သုံးပတ်ခန့်ကြာ ပြတ်လပ်နေသည့် တိုင်းပြင်ပမှ တင်သွင်းသော ဆန်အမှတ်တံဆိပ်အချို့မှာမူ ယခုသီတင်းပတ်အတွင်း ထားဝယ်ဈေးကွက်သို့ ပြန်လည်ဝင်ရောက်လာသည်ကို တွေ့ရှိရသည်။










