နတ်ပွဲကာလ လောင်းကစားဝိုင်းများ အဝယ်များနေသဖြင့် လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် ဖဲထုပ်ဝယ်မရသည်အထိ ပြတ်လပ်နေကြောင်း ဒေသခံအချို့ကပြောသည်။
နတ်တော်၊ ပြာသိုလများဖြစ်သည့် ယခုလပိုင်းတွင် ရွာရှင်နတ်ပူဇော်ပသပွဲများ လောင်းလုံးမြို့နယ်ရှိရွာတိုင်းတွင် ကျင်းပလျက်ရှိသည်။ ထိုနတ်ပွဲတွင် လောင်းကစားဝိုင်းများကို ထည့်သွင်းကြခြင်းဖြစ်သည်။
နတ်ပွဲများကို ကျောက်တွင်း၊ သကျက်တော၊ ပြင်ချောင်း၊ ရသိမ်၊ ကျောက်ဖြူ၊ ကထိန်ကြီး၊ ကညုံကျွန်း၊ ဝေဒီ၊ တီဇစ်၊ ကရင်ကြီး၊ သဘော့ဆိပ်၊ မောင်းမကန် စသည့် ကျေးရွာများတွင် ပြုလုပ်ခဲ့ပြီးဖြစ်ကာ အခြားကျေးရွာများတွင်လည်း ဆက်လက်ပြုလုပ်ရန်ရှိကြောင်း ဒေသခံများကပြောသည်။
အချို့ရွာများတွင် လောင်းကစားဝိုင်းကို သုံးရက်အထိ ပြုလုပ်ပြီး အချို့ရွာများတွင်မူ တစ်ရက်သာပြုလုပ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
နတ်ပွဲလောင်းကစားဝိုင်းများက ရွာရှိဈေးဆိုင်များတွင်ရောင်းချနေသော ဖဲထုပ်များကို လိုက်လံဝယ်ယူနေကြသဖြင့် ပစ္စည်းပြတ်လပ်သွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။
ကြေးကြီးသည့် လောင်းကစားဝိုင်းများက ကြိုတင်ဝယ်ယူထားကြသဖြင့် အပျော်တမ်းဆော့ရန် ဖဲထုတ်ဝယ်မည့်သူများ ဝယ်ယူမရ ဖြစ်နေကြောင်း ဒေသခံတို့ကပြောသည်။
“လောင်းကစားဝိုင်းတွေက ရွာစဉ်တစ်လျှောက်ဆိုင်တွေမှာ တင်ထားတဲ့ ဖဲထုပ်တွေကို အကုန်လိုက်သိမ်းပစ်ထားတာ(အကုန်ဝယ်လိုက်သဖြင့်) အပျော်ရိုက်ဖို့ ဖဲထုပ်လိုက်ရှာတာ ဘယ်ဆိုင်မှာမှမရှိတော့ဘူး” ဟု လောင်းလုံးမြို့ တောင်ဖက်ရှိ ဒေသခံတစ်ဦးကပြောသည်။
ကျပ်သိန်းဆယ်ချီ၊ ရာချီလောင်းကြေးရှိသည့် ဖဲဝိုင်းများသည် ဖဲတစ်ထုပ်ကို ခဏသာအသုံးပြုကြသဖြင့် တနေကုန် ဖဲရိုက်ရန် ဖဲထုပ်အများအပြားလိုအပ်ကြောင်း ဆိုသည်။
နတ်ပွဲလောင်းကစားဝိုင်းများတွင် ဖဲဝိုင်း၊ ကြက်ဝိုင်း၊ အန်ဂလုံဝိုင်းများ ထည့်သွင်းကျင်းပလေ့ရှိကြသည်။
ကြေးကြီးသည့် ဖဲဝိုင်းများကြောင့် အကောက်ကောက်ရငွေမှာလည်း တစ်ရက်လျှင်ပင် ကျပ်သိန်းဆယ်ချီရလေ့ရှိကြောင်း လောင်းကစားဝိုင်းများကို ကိုယ်တိုင်သွားလေ့ရှိသူတို့က ပြောဆိုကြသည်။







