BREAKING
December 7, 2025

အက်ဆေးတွေ အေးစက်နေပြီလား

December 6, 2025

ဘယ် လွမ်းလို့လွမ်းရမယ်မှန်းမသိတဲ့ ခေါင်းစဥ်မဲ့လွမ်းဆွတ်ဖို့ကောင်းနေတဲ့ ဆောင်းတနေ့လယ်ဟာ အောက်မေ့ဖွယ်ဖြစ်လို့။ လေညှင်းထက် နည်းနည်းပိုတဲ့ လေပြင်းတချက် ဖြတ်ကနဲ ဝေ့လာတာနဲ့အတူ ချိုးကူသံကိုပါ ဆွဲခေါ်လာတယ်။

ဒီချိုးက စိတ်ဆိုးနေတာလား၊ မလွမ်းတတ်တာလား၊ လွမ်းစရာမရှိလို့ပဲလား၊ ဝတ္တရားအရတာဝန်ကျေ ကူသလားမသိဘူး။ သူ့အသံက ပြတ်ပြတ်တိုတို။ ငိုမယ့်မျက်ရည်တောင်မစိုချင်တော့။ ချိုးကူသံဆိုတာ များသောအားဖြင့် ကြားဖူးနေကျက ဆွဲဆွဲငင်ငင်၊ ချိုချိုအေးအေး ဆွေးဖို့ဖန်စေတာလေ။ အခုကြားရတာက ကူကူး၊ ကူ ကူး၊ ကူ ကူး ပဲ။ နှစ်လုံးထဲပဲ။

ပုံမှန်လို တကူ ကူး ကူး၊ တကူ ကူး ကူး ကူး ဆိုပြီး လေးလုံး၊ ငါးလုံး မဟုတ်ဘူး။ ရပ်ပ်သီချင်း၊ ဟစ်ပ်ဟော့ပ် သီချင်းတွေကလို အာ ဟ၊ အာဟ တို့ ရို့ ရို့ တို့နဲ့ ခပ်ဆင်ဆင်လိုပဲခံစားမိပါရဲ့။

သည်ချိုးက ဂျန်ဇီး၊ ဒါမှမဟုတ် ဂျန် အယ်လ်‌ဖာ ပဲဖြစ်ရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ချိုးငှက်ဆိုတာ ငြိမ်းချမ်းရေးရဲ့ သင်္ကေတမဟုတ်လား။ သူ့ဘာသာ သံပြတ် နှစ်လုံးပဲကူ ကူ၊ ချိုးကူသံပါပဲ။ ဒါဟာ သူရေးတဲ့ သူ့အက်ဆေးတစ်ပုဒ်ပါပဲ။ စာထဲပေထဲဖတ်ဖူးတဲ့ ချိုးညီနောင် ထနောင်းပင်ထက်က လွမ်းကူအောင်ချွဲ ဆိုတာလည်း အဲသည့်ချိုးငှက်တို့စီက ဖတ်ခဲ့ရတဲ့ သူတို့ရဲ့အက်ဆေးပါပဲ။

သည် ဆောင်းတနေ့လယ်ဟာ အက်ဆေးတစ်ပုဒ်ပဲဖြစ်နေပါတယ်။ တကယ်တော့ကွယ် ခံစားနိုင်မယ့်ရင်ဘတ်တွေလည်း လိုပါတယ်။ ချိုးကူသံ၊ ဥသြရဲ့အသံ၊ ဒေါင်းတို့တွန်တဲ့အိုးဝေအသံ၊ ကျီးကန်းအသံ စတာတွေ သေချာခံစားကြည့်ပါ။ သူတို့ရေးနေတဲ့သူတို့ရဲ့ အက်ဆေးတွေပါ။

ကျီးကန်းအသံကို ထီးနန်းမဆန်ဘူးလို့ နည်းလမ်းအမှန် တွေးတာ၊ မတွေးတာ အဲဒါ သူ့အက်ဆေးပါ။ လိုရင် ‘သာ’ တယ်ပေါ့၊ မလိုတော့ ‘အာ’ တယ်ပေါ့။ သာ သာ၊ အာ အာ ကျီးကန်းပဲမဟုတ်လား။ သူ့အက်ဆေး သူရေးပါစေ။ အေးစက်မနေဖို့ပဲ အရေးကြီးပါတယ်။

ကျေးငှက်သာရကာတွေပဲ မဟုတ်ပါဘူး။ အင်းစက်ပိုးမွှားလေးတွေ ပိုးစုန်းကြူးလေးတွေလည်း အက်ဆေးတစ်ပုဒ်စီပဲဖြစ်ပါတယ်။ သူတို့အက်ဆေးတွေက အေးစက်မနေပါဘူး။ ပုစဥ်းရင်ကွဲလေးတွေဆိုရင် သီချင်းတွေထဲတောင် ထည့်ဆိုနေကြတာပဲလေ။ ပုစဥ်းရင်ကွဲတွေ အော်နေကြတယ်၊ အော်နေကြတယ်…အဲဒီသီချင်းလည်းရှိတယ်လေ။

တခါတခါ သတ္တဝါလေးတွေစီက သဘာဝတရားစီက ပြန်လည်သင်ယူဆောက် တည်နေကြရတာရှိပါတယ်။ ကိုယ်တို့တစ်ဦးချင်းစီဟာလည်း အက်ဆေးတစ်ပုဒ်စီပဲဖြစ်နေပါတယ်။ ရင်ဘတ်ချင်းတူတာရှိမယ်၊ မတူတာရှိမယ်။

နှလုံးခုန်သံကြိမ်နှုန်းကွဲပြားခြားနားချက်တွေ ရှိကောင်းရှိမယ်။ အဆင့်အတန်းအလွှာ ကိုးကွယ်ရာ ကွာဟတာတွေရှိမယ်။ ကိုယ်စီဘဝဖြစ်တည်မှု အခိုက်အတန့်အတွင်းမှာ ကိုယ်တိုင်ရေးနေကြတဲ့ အက်ဆေးတွေဖြစ်ပါတယ်။ ဆောင်းတနေ့လယ်က ကူတဲ့ချိုးငှက်အသံနဲ့ ဆောင်းတမနက်မှာ ကူတဲ့ချိုးကူသံတောင် ကွာခြားသေးတာပဲ။

မနက်ခင်းတဖြတ်မှာ သံပြည့်ကူလိုက်တဲ့ တကူကူးကူး အသံကလည်း ငြိမ်းချမ်းရေးအတွက်ရေးတဲ့အက်ဆေးတစ်ပုဒ်ပဲလို့ ခံစားလို့မရနိုင်ဘူးလား။ အရေးကြီးတာက အဲသည့်အက်ဆေးတွေဟာ အစေးမကပ်တဲ့ အေးစက်စက် အက်ဆေးဖြစ်မနေဖို့လိုတာပါ။

ဖြစ်တည်နေရတဲ့တခဏမှာ မမြင်ရတဲ့မနက်ဖြန် ဆက်ရန် များစွာအတွက် ယုံကြည်မျှော်လင့်ချက်တွေအတိုင်း စမ်းသပ်၊ ကြိုးစားအားထုတ်နေကြရတဲ့ကိုယ်တို့ဌာနီက အက်ဆေးတွေ အေးစက်မသွားစေချင်တာ။ အက်ဆေး ဆိုတဲ့မူရင်းအဓိပ္ပါယ်ကိုက စမ်းသပ်ခြင်း၊ ကြိုးပမ်းမှု၊ အားထုတ်မှု လို့ဖွင့်ဆိုထားတာပဲမဟုတ်လား။

မွေးရာပါလွတ်လပ်ခွင့်တွေ၊ ယုံကြည်ရာတွေ၊ သာတူညီမျှမှုတွေ၊ တရားမျှတခြင်းတွေအဖို့ ကိုယ်တို့ရေးနေကြတဲ့အက်ဆေးတွေက သိပ်ကိုအရေးကြီးပါတယ်။ ဒေါင်းတို့ တွန်ပါစေ။ ခွပ်ဒေါင်းတွေ က ပါစေ။ ချိုးကူသံတွေရဲ့နောက်ဆက်တွဲမှာ ဥသြသံချိုချို။ တင်ကြိုပြီး ရင်ဖိုခံစားစီးမျောကြည့်စမ်းပါ။

အဲသည့်ညတွေကျရင် ပုစဥ်းရင်ကွဲတွေနဲ့အတူတူ သံစုံသီကျူး ချီးမွမ်းဆိုကြရမှာ။ ဘာ ဆလိုက်မီးမှမပါဘူးဆိုလည်း ပိုးစုန်းကြူးလေးတွေကသေချာပေါက် ရောက်လာကြမှာပါ။ အလင်းတွေ လွန်ကျူး မနေဖို့သာလိုတာပေါ့။

အခုအခါတော့ အဲသည့်အိပ်မက်တွေအတွက် အက်ဆေးတွေ ဆက်ရေးနေ ကြတာပဲလေ။ ကိုယ်တိုင်အတွက်ကော၊ ကိုယ့်ဝန်းကျင်၊ကိုယ့်ဌာနေ၊ ကိုယ့်ပြည်အဖို့ကော ကိုယ့်အက်ဆေးတွေ အေးစက်မနေကြစို့နဲ့။ အစေးမကပ်၊ ဘေးထွက်သွားတဲ့ အက်ဆေး အချို့ကိုတော့ ထားလိုက်တော့။ ဥပက္ခာနဲ့ တန်သင့်ရာကို ဥပက္ခာသာပေးလိုက်တော့။ ဒီလိုပဲလေ။

ကြွက်တချို့ ဝက်တို့နဲ့ မိဿဟာရဖွဲ့သွားကြတာရှိမှာပဲ။ မင်းတို့လုပ်နေကြတာကဂေါ်ဇီလာကို လော်စပီကာနဲ့ အော်နေကြတာလို့ ဘေးထိုင်ဘုပြောတွေရှိတာပဲ။ လျစ်လျူရှုလိုက်ပါ။ ကိုယ့်အက်ဆေးနဲ့ကိုယ်။ သေမင်းကို သားရေကွင်းနဲ့ မသေမချင်း ပစ်နေကြဖို့ပဲလိုပါတယ်။

ပေါက်ကွဲလောင်ကျွမ်းသွားတဲ့မြေတလင်းပြင်ပေါ်က မွစာကျဲ အပျက်အစီးတွေကြားထဲမှာ တစ်ဘက်ထဲကျန်နေရှာတဲ့ ရော်ဘာဖိနပ်ကလေးဟာ အက်ဆေးတစ်ပုဒ်ဖြစ်နေပါတယ်။ အဲသည့်အက်ဆေးက အေးစက်မနေဘူး။ ဘာစာနာမှုမှရှိမနေဘူးဆိုတဲ့ ဦးခေါင်းခွံဟောင်းလောင်းတချို့ကို အံ့သြမနေပါနဲ့။ သူတို့မှာ တပါးသူအတွက် ရင်ဘတ် အပိုမပါလို့ပါ။

ကိုယ့်အက်ဆေးကိုသာ တစိုက်မတ်မတ် ဆက်ရေးနေကြမယ်။ အများစု အက်ဆေးတွေဟာ ယုံကြည်ရာ တူညီရာ လားရာအတူတူ အားကူမျှပြီး ကြိုးပမ်းနေကြမယ်ဆိုရင် လုံးဝ အေးစက်သွားတဲ့ အက်ဆေးအချို့တွေ နေပလေ့စေပေါ့။ အေးစက်စပြုနေတဲ့ အက်ဆေးတချို့ကိုတော့ နောက်တကြော့ ပြန်တွဲခေါ်နိုင်မှာပေါ့။

စာပေနယ်ပယ်လွင်ပြင်ကျယ်မှာ အက်ဆေးစာပေအမျိုးအစားကိုပဲ စွဲစွဲမြဲမြဲ ရေးသားနေကြသူ စာရေးဆရာဆိုတာ ရှားပါးပါတယ်။ အက်ဆေးရေးဆရာအဖြစ်သီးသီး သန့်သန့်ရပ်တည်ကြသူကို အက်ဆေးသူရဲကောင်းတွေအဖြစ် ဂုဏ်ပြုချင်တယ်ဆိုတဲ့ နာမည်ကြီး စာရေးဆရာကြီး တချို့လည်းရှိတယ်။

ကိုယ်တို့လိုဘဝတွေနဲ့ လက်တွေ့နေ့စဥ် ရေးသားနေကြတဲ့ အက်ဆေးတွေအဖို့တော့ သူကောင်းပြုမှုတွေ မလိုလှပါဘူး။ ရှင်သန် ရပ်တည်မှုတစ်ခုစီတိုင်းကိုက အက်ဆေးတစ်ပုဒ်စီဖြစ်နေကြတာပါ။ ကောင်းတယ်၊ မကောင်းဘူးဆိုတာ အပြန်အလှန်ဖတ်ရှု ပြုပြင်တည့်မတ် ထိန်းကျောင်းနေကြရင်းနဲ့ပဲခရီးဆက်နေကြပါတယ်။

ပန်းတိုင်တူကြတဲ့လမ်းပေါ်မှာ အမာ၊ အပျော့၊ အဖော့၊ အဖိ၊ အတိ၊အလွဲ၊ အနည်း၊ အများ ကွဲပြားနိုင်ပေမဲ့ ရသတမျိုးစီနဲ့ အက်ဆေးတွေပဲဖြစ်ပါတယ်။ ရည်ရွယ်ရာတူကြလို့ အက်ဆေးအချင်းချင်း ထူမ ကူကြဖို့အင်မတန်အရေးကြီးနေချိန်ပါ။

အရောင်တင်မှုန့်လောက်နဲ့ ရှူး ရှဲဖြစ်နေသူကို ကုလားအော်သီး ဇွတ်အတင်းကိုက်ခိုင်းသလိုဖြစ်လို့မရပါဘူး။ အလင်းယိုင်နိယာမသဘောကို ပုလင်းကိုင်မိကာမှပြောထွက်တာမျိုးလည်း ရဲဆေး အပေးမှားလို့မဖြစ်ပါဘူး။ ဦးတည်ရာက လက်တကမ်းမှာပါ။

ဖြတ်သန်းလာပြီးတဲ့ခြေလှမ်းများစွာ ကု‌ဋေတစ်သန်းတန်သလား မတန်သလား ခံစားမနေပါနဲ့တော့။ အခုရောက်နေတဲ့နေရာမှာ ရပ်မသွားဖို့ပဲလိုပါတယ်။ ဘယ်သူတွေ့တွေ့ မတွေ့တွေ့ ကိုယ့်အရွေ့နဲ့ကိုယ် အက်ဆေးတို့ အေးစက်မနေဖို့အဓိကပါ။

စာ‌ရေးဆရာ အိုဟင်နရီရဲ့ ဝတ္ထု နောက်ဆုံးသစ်ရွက် ဇာတ်လမ်းထဲက ဇာတ်ကောင် ပန်းချီဆရာအဖိုးအို မစ္စတာ ဘဲမင်းန်မိုးထဲလေထဲ နံရံမှာရေးဆွဲခဲ့တဲ့ စပျစ်နွယ်ရွက်လေးတစ်ရွက်ဟာ အခန်းနီးချင်းဖြစ်သူ ပန်းချီဆရာမလေး ဂျွန်စီကို ဆက်လက်အသက်ရှင်အောင်ကူညီနိုင်ခဲ့တယ်။ အဲသည့် နောက်ဆုံးသစ်ရွက်ရေးဆွဲခဲ့သူ မစ္စတာဘားမင်းန်ကတော့ အဆုပ်ရောင်ရောဂါရပြီး သေဆုံးသွားခဲ့တယ်။

အဲဒါသူ့ရဲ့အက်ဆေးပဲလို့ခံစားလို့ရတယ်။ မိုးထဲလေထဲ ရေးခဲ့တဲ့ အက်ဆေးက အေးစက်မနေခဲ့ပါဘူး။

ကိုအားပို