ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းထဲ နေထိုင်နေသော မြန်မာနိုင်ငံသားများသည် ပထမဆုံးအကြိမ်အဖြစ် ထိုင်းနိုင်ငံ ကျန်ထဘူရီခရိုင် လမ်ယိုင်ခြံများသို့ အလုပ်လုပ်ကိုင်ရန် စတင်ရောက်ရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
နိုဝင်ဘာလ ၅ ရက်က ကျန်ထဘူရီခရိုင် လမ်ယိုင်ခြံများတွင် အလုပ်လုပ်ရန် နယ်စပ်ဒုက္ခသည်စခန်းထဲက မြန်မာနိုင်ငံသားများ စတင်ရောက်ရှိကြောင်း ဖော်ပြသည်။
ဒုက္ခသည်စခန်းထဲ နေထိုင်နေသော မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံထဲ တရားဝင် အလုပ်လုပ်ခွင့်ပြုရန် ထိုင်းအစိုးရအဖွဲ့က ပြီးခဲ့သော ဩဂုတ်လ ၂၆ ရက်တွင် ညွှန်ကြားလိုက်ပြီးနောက် နိုဝင်ဘာလ ၅ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် ထိုင်းနိုင်ငံ ကျန်ထဘူရီခရိုင်ရှိ လမ်ယိုင်အသီးခြံများသို့ အလုပ်လုပ်ရန် ရောက်ရှိလာခြင်းဖြစ်သည်။
ယခုပထမအသုတ်တွင် နယ်စပ်ဒုက္ခသည်စခန်း ကိုးခုအနက် ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသရှိ ဘန်းတိုးယမ်စခန်းထဲက မြန်မာနိုင်ငံသား ကရင်လူမျိုး ၂၀၁ဦး ရောက်ရှိလာပြီး နိုဝင်ဘာလ ၆ရက်မှစ၍ အလုပ်လုပ်ကိုင်ရမည်ဖြစ်ကြောင်း ဖော်ပြသည်။







ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း နယ်စပ်ရှိ လမ်ယိုင်သစ်သီးခြံများတွင် အလုပ်သမားပြတ်လပ်မှုများ ရှိလာသဖြင့် အသီးခူးချိန်များ နောက်ကျနေကြောင်း ဆိုသည်။
နယ်စပ်တွင် အိမ်မပြန်ကြသော ကမ္ဘောဒီးယား အလုပ်သမားများရှိသော်လည်း အလုပ်သမားလိုအပ်ချက်များ မြင့်မားလျက် ရှိနေသေးသဖြင့် ကန်ချဘူရီခရိုင် စန်ခရာဘူရီဒေသ ဘန်းတိုးယမ်နယ်စပ်ဒုက္ခသည်စခန်းရှိ မြန်မာနိုင်ငံသားများအား အလုပ်ခန့်ထားနိုင်ရေး စီစဉ်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
မြန်မာနိုင်ငံသားများကို နေရပ်ပြန်သွားသည့် ကမ္ဘောဒီးယားလုပ်သားများနေရာတွင် အစားထိုးခန့်ထားနိုင်ရေးအတွက် လေ့ကျင့်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။
အလုပ်သမားခန့်ထားရန်အတွက် ကျန်းမာရေးစစ်ဆေးခ ဘတ် ၅၀၀၊ ကျန်းမာရေးအာမခံအတွက် ဘတ် ၁၆၀၀ နှင့် အလုပ်လုပ်ခွင့်လက်မှတ်အတွက် ဘတ် ၁၀၀ စုစုပေါင်း ၂၂၀၀ ကုန်ကျမည်ဖြစ်ပြီး အလုပ်ရှင်က တစ်ဝက်ကုန်ကျ ခံရမည်ဖြစ်ကြောင်း ဆိုသည်။
လုပ်အားခအနေဖြင့် တစ်ရက်လျှင် ဘတ် ၅၀၀ မှ ၁၀၀၀ ကြားရရှိမည်ဖြစ်ကြောင်း ဖော်ပြသည်။
နယ်စပ်ဒုက္ခသည်စခန်းထဲရှိ မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံထဲ အလုပ်လုပ်ခွင့် ရရှိခြင်းသည် ဒုက္ခသည်စခန်းများ ဖွင့်ပြီး နှစ်ပေါင်း ၃၀ ခန့်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။
Ref: Top News, MGR Online, Amarin TV







