မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းကို စစ်အာဏာရှင်က ရေလမ်းကြောင်းမှတစ်ဆင့် အင်အားဖြည့်တင်းနေကြောင်း ဒေသခံများနှင့် ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့အစည်းများထံမှ သိရသည်။
စစ်အာဏာရှင်တပ်က ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့ကစပြီး ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာ ဆိပ်ကမ်းမှ စစ်သင်္ဘောများဖြင့် စစ်အင်အားဖြည့်တင်းနေသည်ဟု ဆိုသည်။
“ရေးမြို့နယ်ထဲကို ကုန်းလမ်းကနေ စစ်ကြောင်းတွေ ဝင်လာနေတာရှိသလို ဒီတလောဆိုရင်လည်း ရေလမ်းကနေလည်း ဝင်လာနေတာရှိတယ်။ အဓိကက သူတို့ ရွေးကောက်အတွက် ပြင်ဆင်တာဖြစ်မယ်။ ရေးမှာက တော်လှန်ရေးအင်အားစုတွေ အားကောင်းတယ်လေ။ စစ်ကြောင်းထိုးတာတွေလည်း လုပ်ဆောင်လာနေတယ်” ဟု ရေးမြို့နယ်အတွင်းက စစ်ရေးအခြေအနေကို စောင့်ကြည့်နေသူတစ်ဦးက ပြောသည်။
ဇီးဖြူသောင်ကျေးရွာ ဆိပ်ကမ်းမှနေ၍ စစ်သင်္ဘောဖြင့် စစ်အင်အား ၄၀၀ ကျော်နှင့်အတူ လက်နက်ခဲယမ်းများလည်း ပါဝင်ပြီး အမှတ် ၁၉ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်သို့ ပို့ဆောင်ထားသည်ဟုလည်း ဆိုသည်။
စစ်အာဏာရှင်တပ်က ရေးမြို့နယ်အတွင်းကို ရေလမ်းကြောင်းကနေ အင်အား တိုးချဲ့ထားပြီး တစ်ဖက်တွင်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စိုးမိုးထိန်းချုပ်ထားသည့် ရေးမြို့နယ်မြောက်ပိုင်း အမှတ် (၈) ပြည်ထောင်စု လမ်းမတစ်လျှောက်ကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလျက်ရှိသည်။
စစ်အာဏာရှင်စစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိလည်း နှစ်ဖက် စစ်ရေးတင်းမာနေဆဲဖြစ်သည်။
“ရေးမြို့နယ်ထဲကို စစ်တပ်က ရေလမ်းကနေ အင်အားတွေ ထပ်ဖြည့်နေတယ်။ ရေးမြောက်ပိုင်းကိုလည်း စစ်ကြောင်း သုံးကြောင်းနဲ့ ဝင်လာနေတယ်။ စစ်ကြောင်းကို ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့ဘက် ကြားဖြတ် တိုက်ခိုက်နေတော့ ရန်သူဘက်က အထိနာနေပါတယ်။ အခြေအနေကတော့ တင်းမာနေဆဲပြောလို့ရတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရေးမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်လာသည့် စစ်ကော်မရှင်တပ်ကို ရေးပြည်သူ့ကာကွယ်ရေးအဖွဲ့ YPDF၊ ရေးပြည်သူ့ကာကွယ်ရေးအဖွဲ့ MSRF နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်ဖြစ်သည့် သပင်ရွှေထီးတပ်ဖွဲ့၊ စစ်ဗျုဟာ ၃၃ ခြေမှုန်းရေး ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်လျက်ရှိသည်။
ရေးမြို့နယ်အတွင်း စစ်အင်အား ဖြည့်နေသည့်အတွက် တိုက်ပွဲဖြစ်ပွားလာမည်ကို ရေးဒေသခံတို့က စိုးရိမ်နေကြပြီး အခြေအနေကို စောင့်ကြည့်နေရသည့်အနေအထားဖြစ်နေသည်ဟု ဆိုသည်။
ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် တော်လှန်ရေးတပ်များ နေရာအများစု ထိန်းချုပ်ထားသည့် ရေးမြို့နယ်ကို စစ်အာဏာရှင်တပ်က ပြည်လည် ထိန်းချုပ်နိုင်ရေး အသည်းအသန် ကြိုးပမ်နေသည့် အခြေအနေကြောင့် အင်အားများ တိုးမြှင့်နေခြင်းဖြစ်ကြောင်း ဒေသတွင်း စစ်ရေးအခြေအနေကို စောင့်ကြည့်နေသည့် ဒေသခံတို့က သုံးသပ်သည်။







