BREAKING
October 26, 2025

ဆန်အပါဝင် စားသုံးကုန်အများစု ဈေးတက်နေသည့် ထားဝယ်ဈေးကွက်

September 6, 2025

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ဆန်အပါဝင် စားသုံးကုန်ပစ္စည်းအများစု ဈေးမြင့်တက်လျက်ရှိသည်။

ပြီးခဲ့သီတင်းပတ်ဖြစ်သည့် ဩဂုတ်လ ၃၀ ရက်နေ့တွင် ထားဝယ်ပေါ်ဆန်းဆန် တစ်အိတ်လျှင် ၁၀၅၅၀၀ ကျပ်သာရှိရာမှ ယနေ့ စက်တင်ဘာလ ၆ ရက် နေ့တွင် ၁၀၉၅၀၀ ကျပ်ဖြစ်သွားပြီး တစ်ပတ်အတွင်း ထားဝယ်ပေါ်ဆန်းဆန်တစ်အိတ် ၄၀၀၀ ကျပ်ဈေးတက်သွားခြင်းဖြစ်သည်။

ယင်းအပြင် သြဂုတ်လ ၃၀ ရက်နေ့က ကြက်သွန်နီတစ်ပိဿာ ၂၃၀၀ကျပ်မှ ယနေ့ စက်တင်ဘာလ ၆ ရက်နေ့တွင် ၄၀၀၀ကျပ် ၊ကြက်သွန်ဖြူတစ်ပိဿာ ၉၀၀၀ကျပ်မှ ယနေ့ ၁၈၀၀၀ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာ ၂၂၀၀၀ကျပ်မှ ယနေ ၂၈၀၀၀ကျပ်၊အာလူးတစ်ပိဿာ ၇၅၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်သို့ အသီးသီးဈေးတက်သွားသည်။

ထို့အတူ ထိုင်းနိုင်ငံမှ တင်သွင်းသည့် စားသုံးဆီများမှာလည်း ဩဂုတ်လ ၃၀ ရက်နေ့က ပုစွန်နှစ်ကောင်အမှတ် တံဆိပ် ဆီတစ်လီတာ ၈၅၀၀ကျပ်မှ ယနေ့ ၈၈၀၀ကျပ်၊ပဲလုံးအမှတ်တံဆိပ် ဆီ တစ်လီတာ ၉၀၀၀ကျပ်မှ ယနေ့ ၉၅၀၀ကျပ်သို့ ဈေးမြင့်တက်ပြီး တစ်ပတ်အတွင်းစားသုံးဆီ တစ်လီတာ ၃၀၀ကျပ်မှ ၅၀၀ကျပ်အထိ ဈေးတက်သွားခြင်းဖြစ်သည်။

ပြည်တွင်းထုတ်စားသုံးဆီနှင့် ရေထွက်ကုန်ပစ္စည်းများများမှာ ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရှိရမည်ဖြစ်သည်။

ရန်ကုန် ထားဝယ်လမ်းပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ ကြောင့် ဩဂုတ်လ ၂၆ ရက်နေ့ကစပြီးတနင်္သာရီတိုင်းအတွင် ကုန်စီးဆင်းမှုရပ်တန့်ကာ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့တွင် ဩဂုတ်လကုန်ပိုင်းကစပြီး စားဖိုဆောင်ပစ္စည်းနှင့် ကုန်စိမ်းပစ္စည်းများ ပြတ်သွား၍ အချို့လက်ကျန် ကုန်ပစ္စည်းများ ဈေးနှစ်ဆခန့်မြင့်တက်လျက်ရှိသည်။

တော်လှန်ရေးအဖွဲ့များက ယင်းလမ်းပိုင်းကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ပေးနေပြီး ကနဦးအနေဖြင့် ၃ ရက်ဖွင့်ထားပေးမည်ဟုဆိုသည်။ ယင်းကြောင့် ကုန်စည်အချို့ ပြန်လည်ဝင်ရောက်လာဖွယ်ရှိနေပြီး စျေးအနည်းငယ် ပြန်ကျဖွယ်ရှိနေသည်။