မွန်ပြည်နယ် မြို့နယ်အချို့တွင် လိုင်စင်မဲ့ယာဥ်များဖမ်းဆီးနေသည့်အတွက် ကုန်သယ်ယာဥ်များ မသွားရဲကြသောကြောင့် မုဒုံမြို့နယ်တွင် ကုန်စည်စျေးနှုန်းများ မြင့်တက်လာကြောင်း ဒေသခံအချို့ထံမှ သိရသည်။
ဇွန်လဆန်းပိုင်းမှစ၍ မွန်ပြည်နယ်၊ သထုံ၊ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်တို့တွင် စီမံချက်ဖြင့် စစ်ကောင်စီက လိုင်စင်မဲ့ ယာဥ်များဖမ်းဆီးနေခြင်းဖြစ်သည်။
ထို့ကြောင့် မုဒုံမြို့နယ်မှ အထက်ပါမြို့နယ်များသို့ ကုန်စည်သယ်ဆောင်ရေးလုပ်နေသည့် လိုင်စင်ရှိယာဥ်များပင် စစ်ဆေး ဖမ်းဆီးခံရမည် စိုးရိမ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းအပြင် ဖမ်းဆီးခံရပါက စစ်မှုထမ်းဥပဒေဖြင့် ခေါ်ဆောင်ခံရမည်ကို စိုးရိမ်သည့်အတွက်လည်း သွားလာမှုနည်းလာကြောင်း ၎င်းတို့က ဆိုသည်။
“ဒဏ်ကြေးမဆောင်နိုင်တဲ့ ယာဉ်ပိုင်ရှင်တွေဆိုရင်လည်း တပ်သားအဖြစ် ထည့်သွင်းခံတာရယ်၊ အဖမ်းခံရမှာကို ကြောက်တာရယ်ကြောင့် လိုင်စင်ရှိကားသမားတွေနဲ့ ဆိုင်ကယ်သမားတွေလည်း အပြင်မထွက်ရဲတော့ဘူး” ဟု မုဒုံမြို့မှ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
မွန်ပြည်နယ်အတွက် လိုအပ်သည့် စားသောက်ကုန်ပစ္စည်းများကို ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဘက်မှ ရေး၊ သံဖြူဇရပ်-မုဒုံ-မော်လမြိုင် စသည့်လမ်းကြောင်းများဖြင့် သယ်ဆောင်ရပြီး အချို့နေရာတွင် လိုင်စင်မဲ့ယာဉ်များသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခွင့်ပြုချက်ယူကာ သယ်ယူကြရသည်။
လိုင်စင်မဲ့ယာဥ်များ ဖမ်းဆီးနေသဖြင့် နယ်မြေအများစုသို့ ကုန်ပစ္စည်းပို့ဆောင်ရာတွင် လိုင်စင်မဲ့ယာဥ်များဖြင့် မသယ်ဆောင်ရဲကြတော့ဘဲ လိုင်စင်ရှိယာဉ်များဖြင့် ထပ်ဆင့်သယ်ဆောင်နေရသည့်အတွက် ကုန်စည်ပို့ဆောင်စရိတ် ပိုကုန်ကျနေကြောင်း ဘုရားသုံးဆူ- မွန်ပြည်နယ်ဘက်သို့ ပြေးဆွဲနေသည့် ယာဥ်မောင်းတစ်ဦးကပြောသည်။
တရားဝင် ကုန်စည်သယ်ယာဥ်များမှာလည်း အထွက်နည်းလာနေပြီး ကုန်စည်သယ်ယူခလည်း စျေးတက်လာကြောင်း ကုန်စည်ရောင်းချသူများက ဆိုသည်။
“အစက ရွာပြင်ပကနေ ကားနဲ့ သယ်လာရင် အိတ်အသေးတအိတ် ကို ၅၀၀ ကျပ်ကနေ ယခု ၁၅၀၀ အထိ သုံးဆစျေးတက် သွားပါတယ်” ဟု မုဒုံမြို့နယ်၊ ဖယ်ဒိုးကျေးရွားမှ ကုန်စုံဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးက ပြောသည်။
ယခင်က ၄၄ ထုတ်ပါ ကော်ဖီမစ် အထုပ်သေးတစ်ထုပ်ကို ကျပ် ၁၆၀၀၀ မှ ယခု ၂၂၀၀၀ ကျပ်၊ ကြက်ဥတစ်လုံး ယခင် ၃၀၀ မှ ယခု ၆၅၀ ကျပ်ကြား စျေးတက်လာပြီး ဟင်းသီးဟင်းရွက်စျေးနှုန်းများလည်း စျေးတက်လာကြောင်း စျေးကွက်အတွင်းမှ သိရသည်။
ယင်းအပြင် မြ၀တီနယ်စပ် တိုက်ပွဲများကြောင့်လည်း ခရီးသွားလာရခက်ခဲခြင်း၊ ငွေစျေးအတက်အကျနှင့် သယ်ယူပို့ဆောင် စရိတ်များ ကြီးမြင့်လာသည့်အတွက် ကုန်စျေးနှုန်းများလည်း တက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
မုဒုံမြို့နယ်သည် အခြားဒေသများမှ ပုစွန်ခြောက်၊ ငါးပိ၊ ငါးခြောက်၊ အ၀တ်အစား၊ မုန့်၊ အသီးအနှံနှင့် စားသောက်ကုန် ပစ္စည်းများကို သယ်ယူရောင်းချ အဓိက အားထားနေသည့်မြို့နယ်ဖြစ်သည်။







