BREAKING
October 19, 2025

ကျိုက်ထိုတွင် စစ်ဘေးရှောင်များ ဆေးဝါးအကူအညီလို

July 6, 2025

ပုံစာ - ကျိုက်ထိုမြို့နယ်အတွင်းက စစ်ဘေးရှောင်များ (ပုံဟောင်း) Photo - KPSN

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူများ ဆေးဝါးအကူအညီ လိုအပ်နေကြောင်း စစ်ဘေးရှောင်အရေးအကူအညီပေးနေသူများထံမှ သိရသည်။

ကျိုက်ထိုမြို့နယ်တွင် တိုက်ပွဲနှင့် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာခြင်း၊ စစ်ကောင်စီတပ်ရင်း တပ်စခန်းတို့က လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းတို့ကြောင့် ထောင်နှင့်ချီသည့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထွက်ပြေးတိမ်းရှောင်နေရသူများ အထူးသဖြင့် ကလေးနှင့် သက်ကြီးရွယ်အိုများ ရာသီတုပ်ကွေး၊ ဝမ်းရောဂါနှင့် အရေပြား ရောဂါ ကူးစက်ဖြစ်ပွားမှု ရှိနေပြီး ဆေးဝါးလိုအပ်နေကြောင်း စစ်ဘေးရှောင်အရေး အကူအညီပေးနေသူများက ပြောသည်။

“ဒီလို မိုးရာသီမှာ ကလေးသူငယ်တွေနဲ့ သက်ကြီးရွာအိုတွေမှာ ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးတွေ ဖြစ်ကြတယ်။ ဝမ်းရောဂါဖြစ်ပွားသူတွေလည်း ရှိနေတယ်။ နောက်ပြီး အရေပြားယားယံတာတွေလည်း ဖြစ်နေတာရှိတယ်။ ဆေးဝါးတွေ လုံလောက်မှုမရှိဘူး။ သူတို့အတွက် ဆေးဝါးတွေ လိုအပ်နေတယ်” ဟု စစ်ဘေးရှောင်အရေး အကူအညီပေးနေသူတစ်ဦးက ဆိုသည်။

ထွက်ပြေးတိမ်းရှောင်နေကြသူများကို ကရင်အမျိုးသားအစည်းအရုံး KNU က ဆေးဝါးကုသနေသည့်အပြင် အကူအညီ ပေးရေးအဖွဲ့များက ကူညီထောက်ပံ့နေသော်လည်း ဆေးဝါးလုံလောက်မှုမရှိကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူများ ထံမှ သိရသည်။

ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင် နေကြရသူများသည် ဆေးဝါးအပြင် စားနပ်ရိက္ခာ၊ အမိုးအကာ လိုအပ်ချက်များလည်း ရှိကြောင်း မြန်မာပြည်တောင်ပိုင်း လူသားချင်းစာနာထောက်ထားမှုကွန်ရက် (SBHN) ထံမှ သိရသည်။

စစ်ဘေးရှောင်များ၏ လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များကို လျင်မြန်စွာ တုံ့ပြန်နိုင်ရန် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများအနေဖြင့် ပြည်တွင်း CSOs/CBOs NGOs အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး စစ်ဘေးဒုက္ခသည်များကို ထိထိရောက်ရောက် ကူညီရန် အဆိုပါကွန်ရက်က ထုတ်ပြန်တိုက်တွန်းထားသည်။

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများ၊ စစ်ကောင်စီစစ်ကြောင်းထိုးမှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် မေလကုန်ပိုင်းခန့်က ဒေသခံပြည်သူလူ ၁၇၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း စစ်ဘေးရှောင်အရေး ကူညီသူများထံမှ သိရသည်။