BREAKING
May 6, 2025

မလေးရှားသွားမည့်သူများအပါအဝင် မြန်မာ ၇၀ ကျော် ထိုင်းနယ်စပ်တွင် ဖမ်းဆီးခံရ

May 6, 2025

မလေးရှားနိုင်ငံသို့ သွားမည့်သူများအပါအဝင် ထိုင်းနိုင်ငံထဲသို့ တရားမဝင် လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၇၀ ကျော်ကို ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယနေ့ မေလ ၆ ရက် နံနက်ပိုင်းတွင် ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသရှိ တောထဲတွင် မြန်မာနိုင်ငံသားများ ပုန်းခိုနေစဉ် ကင်းလှည့်လာသော ထိုင်းစစ်တပ်နှင့် တွေ့သဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများတွင် ကလေးငယ်များအပါအဝင် မြန်မာအမျိုးသား ၃၂ ဦး၊ အမျိုးသမီး ၃၉ ဦး စုစုပေါင်း ၇၁ ဦးပါဝင်ပြီး အများစုသည် အသက် ၁၇ နှစ်မှ ၃၃ နှစ်အရွယ်များဖြစ်ကြောင်း ဖော်ပြသည်။

အားလုံးကို စစ်ဆေးစဉ် တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းများကို မတွေ့ရကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံသားများသည် ဘုရားသုံးဆူနယ်စပ်မှတဆင့် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်လာသူများဖြစ်ပြီး ပွဲစား၏ ကားလာအခေါ်ကို စောင့်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

၎င်းတို့အနက် အချို့သည် ဘန်ကောက်၊ နွန်ထဘူရီနှင့် စမွတ်စခွန်ခရိုင်များသို့လည်းကောင်း၊ အခြားသူများက မလေးရှားနိုင်ငံသို့ သွားရောက်နိုင်ရန် ရည်ရွယ်ထားပြီး ခရီးစရိတ်အတွက် ဘတ် ၃၅၀၀၀ အထိ ပေးချေရမည်ဖြစ်ကြောင်း ၎င်းတို့ကပြောဆိုထားသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် စန်ခရာဘူရီခရိုင် ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: Daily News, Naewna