ထိုင်းအမျိုးသမီးကို နောက်ယောက်ခံလိုက်ပြီး အကြိမ်ကြိမ် ခြိမ်းခြောက်နှောင့်ယှက်ခဲ့သည့် မြန်မာအမျိုးသားတစ်ဦးကို ဒဏ်ငွေ ဘတ် ၁၀၀၀ ချမှတ်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဖြစ်ကြောင်း ထိုင်းသတင်းဌာန The Thaiger တွင် ဖော်ပြသည်။
မြန်မာအမျိုးသား၏ နောက်ယောက်ခံလိုက်နှောင့်ယှက်မှုကို ထိုင်းအမျိုးသမီးက ရဲတပ်ဖွဲ့ထံ အကြိမ်ကြိမ်တိုင်ကြားခဲ့ သော်လည်း အရေးယူခြင်းမရှိသဖြင့် Facebook အကောင့်ပေါ်တင်၍ အကူအညီတောင်းခံခဲ့ကြောင်းဆိုသည်။
အသက် ၂၈နှစ်အရွယ် လင်းအမည်ရှိ ထိုင်းအမျိုးသမီးသည် နောက်ယောင်ခံလိုက်ခံရမှုကို ဘန်ခွန်ထီယမ်ရဲစခန်းတွင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။
မြန်မာအမျိုးသားက သုံးရက်ကျော်သည်အထိ လိုက်လံနှောင့်ယှက်ပြီး ခြိမ်းခြောက်နေသဖြင့် ညဘက်အိပ်မပျော်တော့ဘဲ တစ်ယောက်တည်း သွားလာရန်ပင် ကြောက်ရွံ့နေခဲ့ကြောင်း ထိုင်းအမျိုးသမီးက သတင်းတွင် ပြောဆိုထားသည်။
ရဲတပ်ဖွဲ့ထံ တိုင်ကြားရာတွင်လည်း အတွေးလွန်နေသည်ဟုသာ တုံ့ပြန်ခဲ့ကြောင်း ၎င်းက ဆိုသည်။
မြန်မာအမျိုးသားသည် Instagram မှတစ်ဆင့် အင်္ဂလိပ်ဘာသာဖြင့် စာပို့၍ စတင်ချဉ်းကပ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအမျိုးသမီး၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။
သူမ၏ အလှတွင် စွဲလမ်းနေကြောင်း မြန်မာအမျိုးသားက စာတိုများပေးပို့မှုများလာသဖြင့် ထိုင်းအမျိုးသမီးသည် မြန်မာအမျိုးသားကို Block ထားခဲ့ကြောင်း ဆိုသည်။
သို့သော်လည်း မြန်မာအမျိုးသားဘက်က အကောင့်အတုပေါင်း ၂၀ ကျော်ကို ဖန်တီး၍ အကြိမ်ကြိမ် ချဉ်းကပ်ပြောဆိုခဲ့ပြီး အကောင့်တစ်ခုပြီး တစ်ခုကို ဖန်တီး၍ ဆက်သွယ်ခဲ့ကြောင်း ရေးသားသည်။
ဧပြီလ ၂၆ ရက်တွင် မြန်မာအမျိုးသားဘက်က “ဘာကြောင့် Block နေတာလဲ၊ ငါ နင့်ကွန်ဒိုအခန်းနံပါတ်ကအစ သိတယ်၊ လာခေါ်လိုက်ရမလား” ဟူ၍ စတင်ခြိမ်းခြောက်စကားပြောလာကြောင်း ဆိုသည်။
ယင်းနောက် မြန်မာအမျိုးသားသည် ကွန်ဒိုတိုက်ခန်းအထိ လိုက်လာခဲ့ပြီး ကွန်ဒိုဧည့်ခန်းတွင် လာစောင့်နေခဲ့ရာ ကွန်ဒိုတိုက်ခန်းတွင် မရှိနေသဖြင့် မတွေ့ခဲ့ကြောင်း ရေးသားထားသည်။
နောက်တစ်ရက် ဧပြီလ ၂၇ ရက်တွင် ထပ်မံရောက်ရှိလာခဲ့သော်လည်း ကွန်ဒိုထဲ ဝင်ခွင့်မပြုခဲ့ကြောင်း ဆိုသည်။
ယင်းနေ့တွင်ပင် ထိုင်းအမျိုးသမီးက မြန်မာအမျိုးသားကို ဖုန်းနံပါတ် မပေးခဲ့သော်လည်း သူမထံ ဖုန်းဆက်၍ အောက်ဆင်း လာပြီး “လာတွေ့မလား၊ မဟုတ်ရင် အသတ်ခံမလား” ဟု ခြိမ်းခြောက်လာသည်အထိ ဖြစ်လာကြောင်း ရေးသားထားသည်။
ယင်းအချိန် ထိုင်းအမျိုးသမီးက ရဲတပ်ဖွဲ့ထံ ဖုန်းဆက်သွယ်ခဲ့သော်လည်း ကူညီရန် မလာကြကြောင်း၊ နောက်ပိုင်းတွင် ရဲစခန်းသို့သွား၍ ဥပဒေအရ တိုင်ကြားခဲ့ကြောင်း ရေးသားထားသည်။
သို့သော်လည်း ရဲတပ်ဖွဲ့က မြန်မာအမျိုးသားကို ဥပဒေအရ အရေးယူခြင်းမရှိခဲ့ဘဲ နောက်ထပ် မနှောင့်ယှက်ရန်သာ ပြောဆိုပြီး မြန်မာအမျိုးသားကို ပြန်လွှတ်ပေးခဲ့ကြောင်း ထိုင်းအမျိုးသမီးက သတင်းဌာနသို့ ပြောဆိုသည်။
ဧပြီလ ၂၈ ရက်တွင်လည်း မြန်မာအမျိုးသားက ကွန်ဒိုသို့ ထပ်မံရောက်ရှိလာပြီး ပိုမိုခြိမ်းခြောက်လာသဖြင့် ရဲတပ်ဖွဲ့ထံ အကြိမ်ကြိမ်တိုင်ကြားရာ ရဲတပ်ဖွဲ့က “ဘာမှမဖြစ်ပါဘူး” တုံ့ပြန်ခဲ့ကြောင်း ဆိုသည်။
ယင်းနောက် ဆိုရှယ်မီဒီယာပေါ် အကူအညီတောင်းခံရာမှ ပြည်သူများအကြား ရဲတပ်ဖွဲ့ထံ ဝေဖန်မှု မြင့်တက်လာခဲ့သည်။
ထို့နောက် ရဲတပ်ဖွဲ့က မြန်မာအမျိုးသားကို ဖမ်းဆီးခဲ့ပြီး ခြိမ်းခြောက်မှု၊ စိတ်အနှောင့်အယှက်ပေးမှုဖြင့် အရေးယူခဲ့ပြီး ဒဏ်ငွေ ဘတ် ၁၀၀၀ ချမှတ်ကာ မြန်မာနိုင်ငံသို့ ပြန်ပို့သွားမည်ဖြစ်ကြောင်း The Thaiger သတင်းတွင် ဖော်ပြသည်။
ဘန်ခွန်ထီယမ်ရဲစခန်းကလည်း အမှုနှင့်ပတ်သက်၍ ကိုင်တွယ်မှု နှေးကွေးသည့်အပေါ် ထိုင်းအမျိုးသမီးကို တရားဝင် တောင်းပန်ထားကြောင်း ဖော်ပြသည်။