BREAKING
May 6, 2025

မြန်မာလုပ်သားစုံတွဲ ထိုင်းထီ ဘတ် ခြောက်သန်းပေါက်

May 6, 2025

ပုံစာ - ဆုငွေထုတ်ယူနေစဉ် (MHAC)

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်တွင် ဆောက်လုပ်ရေးလုပ်ကိုင်နေသော မြန်မာအလုပ်သမား ဇနီးမောင်နှံနှစ်ဦးသည် မေလ ၂ ရက်က ဖွင့်လှစ်ခဲ့သော ထိုင်းထီအမြင့်ဆုံးဆု ဘတ် ခြောက်သန်း ထီပေါက်ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

မြန်မာအလုပ်သမားစုံတွဲသည် ထိုင်းထီ ပထမဆု ၂၁၃၃၈၈ တွင် ခြောက်လုံးတိုက် ပထမဆုကို ကံထူးခဲ့သဖြင့် ဘတ် ခြောက်သန်း ထီပေါက်ခဲ့ခြင်းဖြစ်သည်။

ထီပေါက်သူနှစ်ဦးသည် ဆုငွေထုတ်ယူပေးရန် MHAC မဟာမိတ်အဖွဲ့ထံ အကူအညီလာတောင်းခဲ့သဖြင့် ယနေ့ မေလ ၆ ရက်တွင် ဆုငွေများကို ထုတ်ယူပြီး ပေးအပ်ပြီးဖြစ်ကြောင်း အဖွဲ့ဦးဆောင်သူ ကိုရဲမင်းက ပြောသည်။

“သူ့သားလေးကို ထီလက်မှတ်သွားဝယ်ခိုင်းတယ်လို့ သိရတယ်။ အဲဒီထီလက်မှတ်ကနေ ဘတ် ခြောက်သန်း ကံထူးသွားတာပဲ” ဟု ကိုရဲမင်းက ဆိုသည်။

ပြီးခဲ့သော ရက်များက ထိုင်းအစိုးရရုံးပိတ်ရက်များ ဖြစ်နေသဖြင့် ထီဆုငွေများကို ယနေ့ မေလ ၆ရက်တွင် အပြီးထုတ်ယူနိုင်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံသားများသည် ထိုင်းထီကံထူးခဲ့ပါက လိမ်လည်သူများကို သတိထားကြရန်နှင့် ဆုငွေထုတ်ယူနိုင်ရေး မြန်မာအလုပ်သမားအဖွဲ့အစည်းများထံ အကူအညီတောင်းကြရန် ကိုရဲမင်းက ဆိုသည်။

ထိုင်းထီပထမဆုငွေကို ကူညီထုတ်ယူပေးနေသည်မှာ ၅၇ ဦးအထိ ရှိနေပြီဖြစ်ကြောင်း အဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် ကိုရဲမင်းဦးဆောင်သော အလုပ်သမားအဖွဲ့အစည်းကတစ်ဆင့် ထိုင်းထီပထမဆုငွေများကို ကူညီထုတ်ယူပေးနေသည်မှာ ၅၇ ဦးအထိ ရှိနေပြီဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။