ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အသွင်ပြောင်းစစ်အစိုးရက မော်လမြိုင်တွင် သင်္ကြန်ပွဲစည်ကားစေရန် စတင်လုပ်ဆောင်

April 6, 2026

ပုံစာ - မော်လမြိုင် ကမ်းနားလမ်းတွင် သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ဒေသခံ

မကြာခင်ကျရောက်မည့် သင်္ကြန်ပွဲတော်ကို အသွင်ပြောင်းစစ်အစိုးရသစ်က စည်စည်ကားကား ကျင်းပနိုင်ရန် စတင်လုပ်ဆောင်နေပြီး မော်လမြိုင်မြို့ပေါ်တွင်လည်း မဏ္ဍပ်များ စတင်ဆောက်လုပ်နေသည်ဟု မြို့ခံများထံမှ သိရသည်။

သင်္ကြန်ပွဲတော်အတွက် ပြည်နယ်စစ်ကော်မရှင်က မော်လမြိုင်မြို့၊ ကမ်းနားလမ်းတစ်လျှောက်နှင့် ကျိုက်သလ္လံဘုရားလမ်းမှ မောရဝတီပန်းခြံလမ်းအထိ လမ်းပိုင်းကို ယာယီပိတ်သိမ်းပြီး မဏ္ဍပ်များ ဆောက်လုပ်ပြင်ဆင်နေခြင်း ဖြစ်သည်။ ဗဟိုမဏ္ဍပ်အပါအဝင် ဌာနဆိုင်ရာ မဏ္ဍပ်များကို ဧပြီလ ၄ ရက်နေ့ကစပြီး ဆောက်လုပ်နေကြသည်ဟု မြို့ခံတို့၏ ပြောပြချက်အရ သိရသည်။

“ကမ်းနားဘက်မှာ လမ်းပိတ်ပြီးတော့ မဏ္ဍပ်တွေ ဆောက်နေတယ်။ ဗဟိုမဏ္ဍပ်နေရာမှာလည်း ဆောက်နေတယ်။ လမ်းလျှောက်သင်္ကြန်လုပ်ဖို့ နေရာရော လုပ်နေတာ တွေ့ရတယ်။ ဒီနှစ်က ဆီမရှိတော့ လမ်းလျှောက်သင်္ကြန်ကိုပဲ အဓိက ပြင်ဆင်နေတာ ထင်တယ်” ဟု မော်လမြိုင်မြို့ခံ လူငယ်တစ်ဦးက ပြောသည်။

ကမ်းနားလမ်းတစ်လျှောက်တွင် ဗဟိုမဏ္ဍပ်အပြင် ဌာနဆိုင်ရာမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များလည်း ဆောက်လုပ်နေပြီး အဓိကအားဖြင့် လမ်းလျှောက်သင်္ကြန်အတွက် ဦးစားပေးလုပ်ဆောင်နေသည်ဟု ဆိုသည်။

သင်္ကြန်ပွဲတော်ကာလ စည်ကားစေရန်အတွက်ဟုဆိုကာ ပြည်နယ်စစ်ကော်မရှင်က မော်လမြိုင်မြို့ ကမ်းနားလမ်းတစ်လျှောက်တွင် လမ်းလျှောက်သင်္ကြန်ကို နှစ်စဉ် ထည့်သွင်းကျင်းပလေ့ရှိသော်လည်း ပါဝင်ဆင်နွှဲသူ နည်းပါးသည်ဟု မြို့ခံတို့ထံမှ သိရသည်။

နှစ်ဆန်းတစ်ရက်နေ့အထိ စည်ကားလှသည့် မွန်ပြည်နယ် သင်္ကြန်ပွဲတော်မှာ စစ်အာဏာသိမ်းပြီးချိန်မှစကာ မော်လမြိုင်မြို့နှင့် မြို့ပေါ်အချို့လောက်တွင်သာ ကျင်းပကြောင်း တွေ့ရသည်။

ယခုနှစ်တွင်လည်း လတ်တလော ကြုံတွေ့နေရသည့် စက်သုံးဆီအခက်အခဲကြောင့် သင်္ကြန်ပွဲတော် လည်ပတ်သူ နည်းပါးနိုင်သည်ဟုလည်း မြို့ခံတို့က သုံးသပ်ပြောဆိုကြသည်။

သို့သော် စစ်အုပ်စုက အရပ်သားအသွင်ပြောင်း၍ အစိုးရသစ်ကို ဖွဲ့စည်းထားရာ ပုံမှန်အတိုင်း ပြန်ဖြစ်နေပြီဆိုသည့် သဘောပြသနိုင်ရန်အတွက် သင်္ကြန်ပွဲတော် စည်ကားရေး ကြိုးစားလုပ်ဆောင်ဖွယ်ရှိနေသည်။