ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အုပ်စု၏ မွန်ဝန်ကြီးချုပ်အဖြစ် တပ်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တစ်ဦးကို ခန့်အပ်

April 6, 2026

ဓာတ်ပုံ - ဧပြီလ ၆ ရက်နေ့တွင် ကျင်းပသည့် စစ်အုပ်စု၏ မွန်ပြည်နယ်လွှတ်တော် ပုံခရက်တစ် - ပြည်နယ်လွှတ်တော်

မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်ဝင်းသန်းကို ယနေ့ (ဧပြီ ၆)တွင် ကျင်းပသည့် စစ်အုပ်စု၏ မွန်ပြည်နယ်လွှတ်တော်က ကန့်ကွက်သူမရှိ ခန့်အပ်လိုက်သည်။

သမ္မတဖြစ်သူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေးပို့လာသည့် ဝန်ကြီးချုပ် အမည်စာရင်းကို ပြည်နယ်လွှတ်တော်က အတည်ပြု ခန့်အပ်လိုက်ခြင်းဖြစ်သည်။

“ဝန်ကြီးချုပ်ကို သမ္မတက ပေးပို့လာတဲ့ အမည်စာရင်းကို ကန့်ကွက်သူမရှိဘဲ အတည်ပြုလိုက်တယ်” ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့် ဗိုလ်မှူးချုပ် အောင်ဝင်းသန်းသည် စစ်တက္ကသိုလ်အမှတ်စဉ် (၃၀) သင်တန်းဆင်းဖြစ်ပြီး ဓညဝတီရေတပ်စခန်းဌာနချုပ်၏ ဌာနချုပ်မှူးဖြစ်သည်။

ယင်းအပြင် စစ်ခေါင်းဆောင်သမ္မတက ပေးပို့ထားသည့် ပြည်နယ်အစိုးအဖွဲ့ ဝန်ကြီးဌာန ၇ ခုနှင့် ဝန်ကြီး ၇ ဦးကိုလည်း ကန့်ကွက်သူမရှိ လွှတ်တော်က အတည်ပြုခဲ့သည်။

ပြည်နယ်အစိုးအဖွဲ့ဝန်ကြီးဌာန ၇ ခုသည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီမံကိန်း ဘဏ္ဍာရေးဝန်ကြီးဌာန၊ လူမှုရေးရာဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာ၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနတို့ ဖြစ်သည်။

မွန်ပြည်နယ်လွှတ်တော်တွင် ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ် ၁၁ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ရှစ်ဦး၊ မွန်ညီညွှတ်ရေးပါတီက ကိုယ်စားလှယ် ခုနှစ်ဦး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ ပအိုဝ်းအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ ရှေဆောင်ပါတီနှင့် အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီတို့က ကိုယ်စားလှယ် ၁ နေရာစီ၊ စုစုပေါင်း ကိုယ်စားလှယ်နေရာ ၃၁ နေရာ ရှိသည်။

တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ပထမအကြိမ် လွှတ်တော်ပုံမှန်အစည်းအဝေးကို မတ်လ ၃၀ ရက်နေ့က စတင် ကျင်းပခဲ့သည်။