မလေးရှားသို့သွားရန် ဘတ်တစ်သိန်းအထိ အကုန်အကျခံ၍ ဝင်လာသော ကလေးငါးဦးအပါအဝင် မြန်မာနိုင်ငံသား ၂၁ ဦးသည် ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနက ဖော်ပြချက်နှင့် အမြန်လမ်းရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တို့အရ သိရသည်။
မတ်လ ၅ ရက်က ကန်ချနဘူရီမြို့ ဘန်ကောင်ဒေသတွင် ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့များ ဂိတ်ချစစ်ဆေးနေစဉ် မသင်္ကာစရာ ပစ်ကပ်ကားတစ်စီးကို ရပ်တန့်စစ်ဆေးခံရန် အချက်ပြခဲ့ကြောင်း ဖော်ပြသည်။
ယင်းအချိန် အခြားကားတစ်စီးက ကြားဝင်နှောက်ယှက်ပြီး ရပ်နားခဲ့သဖြင့် ပစ်ကပ်ကားသည် မောင်းပြေးသွားခဲ့ကြောင်း ဆိုသည်။
ရဲတပ်ဖွဲ့က နောက်ကလိုက်လံဖမ်းဆီးချိန် ကားကို လမ်းဘေးရှိ အိမ်နံဘေးတွင် ရပ်နား၍ စွန့်ပစ်ထားခဲ့သည်ကို တွေ့ရပြီး ကားသမားက ထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြသည်။
ကားထဲတွင် မြန်မာနိုင်ငံသား ၁၆ ဦးနှင့်အတူ ကလေးငယ်ငါးဦး လိုက်ပါလာသည်ကို တွေ့ရပြီး အားလုံးတွင် နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရကြောင်း ဖော်ပြသည်။
ချင်းပြည်နယ်ကတစ်ဆင့် လာကြသူများဖြစ်ပြီး ဘုရားသုံးဆူ-စန်ခရာဘူရီလမ်းကြောင်းအတိုင်း တရားမဝင် ဝင်လာကြသည်ဟု ထွက်ဆိုထားကြောင်း ဖော်ပြသည်။
အားလုံးသည် မလေးရှားသို့ သွားရန် ဝင်လာကြပြီး ခရီးစရိတ်အတွက် ဘတ်တစ်သိန်း ပွဲစားကို ပေးချေထားပြီး ဖြစ်ကြောင်း ဆိုသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူများကို ကန်ချနဘူရီရဲစခန်းသို့ ပို့ဆောင်ထားပြီး ဥပဒေအရ ဆက်လက်အရေးယူမည်ဖြစ်ကြောင်း ဖော်ပြသည်။
ကလေးငယ်များကိုမူ အရေးယူမည် မဟုတ်ကြောင်း ဆိုသည်။
မတ်လ ၅ ရက်တွင်ပင် ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင်တွင် မလေးရှားသို့ သွားရောက်ရန် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသည့် မြန်မာနိုင်ငံသား ၄၀ ခန့်လည်း ဖမ်းဆီးခံရသေးသည်။
Ref: Kanchanaburi News, အမြန်လမ်းရဲတပ်ဖွဲ့







