ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဆောင်းဘောက်တင်ကား ဓာတ်လိုက်ပြီး လူငယ်နှစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ

March 6, 2026

ပုံစာ - ဆောင်းဘောက်တင်ဆောင်ထားသည့် ကားတစ်စီး (ပုံဟောင်း)

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ကမ်းကြီးဆိပ်ရွာတွင် ဆောင်းဘောက်များ တင်ဆောင်ထားသည့်ကား ဓာတ်လိုက်ပြီး ကားပေါ် လိုက်ပါလာသည့် လူငယ်နှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရကြောင်း နီးစပ်သည့်ဒေသခံများထံမှ သိရသည်။

မတ်လ ၄ ရက် နံနက်ပိုင်းက ကမ်းကြီးဆိပ်ရွာတွင် ရှင်လောင်းလှည့်ချိန် ဆောင်းဘောက်များ တင်ဆောင်ထားသည့် ကားသည် လျှပ်စစ်ဓာတ်ကြိုးနှင့် မလွတ်သဖြင့် ကားပေါ်လိုက်ပါလာသည့် လူငယ်တစ်ဦးက ဓာတ်ကြိုးကို မကိုင်လိုက်ရာမှ ကားတစ်စီးလုံး ဓာတ်လိုက်ကြောင်း ၎င်းတို့က ပြောသည်။

ဓာတ်လိုက်မှုကြောင့် လူငယ်နှစ်ဦးသည် ကားပေါ်တွင်ပင် သေဆုံးပြီး ဆောင်းဘောက်ပိုင်ရှင် ကားသမားအပါအဝင် လူ လေးဦး အပြင်းအထန်ဒဏ်ရာရကြောင်း နီးစပ်သည့် ဒေသခံများက ဆိုသည်။

ဆောင်းဘောက်ယာဉ်သည် ကျိုက်ထိုမြို့နယ် စွပ္ပနူးကျေးရွာကဖြစ်ပြီး ကမ်းကြီးဆိပ်ရွာ ရှင်ပြုအိမ်အတွက် အငှားလိုက်နေခြင်းဖြစ်ကြောင်း စွပ္ပနူးကျေးရွာ ဒေသခံတစ်ဦးက ပြောဆိုသည်။

“ကားက မီးကြိုးနဲ့ မလွတ်တော့ ပါလာတဲ့ လူငယ်တစ်ယောက်က သွားမကိုင်လိုက်တာ။ အဲဒီမှာ ဓာတ်လိုက်ကုန်တာ။ နှစ်ဦး ကတော့ ကားပေါ်မှာပဲ ဆုံးသွားတယ်။ ကျန်တဲ့လူတွေကတော့ ဒဏ်ရာရကြတယ်” ဟု ၎င်းက ပြောသည်။

ပြင်းထန်ဒဏ်ရာ ရရှိသည့်လူငယ်များကို ရန်ကုန်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူနေရပြီး အသက်အန္တရာယ် စိုးရိမ်ရသည့်အနေအထား မရှိတော့ကြောင်း နီးစပ်သည့် ဒေသခံများထံမှ သိရသည်။

ဆောင်းဘောက်အတွဲလိုက်ကို ကားပေါ်တင် အလှဆင်ပြီး ဖျော်ဖြေပွဲ၊ ပြပွဲ ပြိုင်ပွဲ၊ ရိုးရာဓလေ့အရ ကျင်းပသည့်ပွဲ၊ အလှူပွဲ၊ မင်္ဂလာပွဲ အစရှိသည့် ပွဲတော်များတွင် အငှားလိုက်သည့်လုပ်ငန်းများ ခေတ်စားသည်။