BREAKING
December 5, 2025

ဘန်ကောက်တွင် မြန်မာလုပ်သားဇနီးမောင်နှံ ထိုင်းထီ ဘတ်ခြောက်သန်းကံထူး

December 5, 2025

aထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ခယ်နယ်မြေက မြန်မာအလုပ်သမား ဇနီးမောင်နှံသည် ဒီဇင်ဘာလ ၁ ရက်က ဖွင့်လှစ်ခဲ့သော ထိုင်းထီအမြင့်ဆုံးဆု ဘတ် ခြောက်သန်း ထီပေါက်ကြောင်း မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသည့် MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

မြန်မာအလုပ်သမားသည် ထိုင်းထီ ပထမဆု ၄၆၁၂၅၂ တွင် ခြောက်လုံးတိုက် ပထမဆုကို ကံထူးခဲ့သဖြင့် ဘတ် ခြောက်သန်း ထီပေါက်ခဲ့ခြင်း ဖြစ်သည်။

ထီပေါက်သော မြန်မာဇနီးမောင်နှံသည် ဆုငွေများကို ထုတ်ယူပေးရန် အကူအညီတောင်းခဲ့သဖြင့် ဒီဇင်ဘာလ ၄ ရက်တွင် ဆုငွေထုတ်ယူပေးခဲ့ပြီး ထီပေါက်သူလက်ဝယ် ပေးအပ်ပြီးဖြစ်ကြောင်း MHAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောသည်။

“ဒီတစ်ခေါက်တော့ မြန်မာတွေ တော်တော်ကံထူးပါတယ်။ နှစ်စောင်တွဲတစ်ကြိမ် တစ်စောင်တစ်ကြိမ်ပေါက်တာ။ အကိုတို့က တစ်စောင်ကို ထုတ်ပေးခဲ့တာပါ” ဟု ၎င်းက ဆိုသည်။

ထီပေါက်သော မြန်မာဇနီးမောင်နှံသည် ရန်ကုန်ဇာတိဖြစ်ပြီး ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည်မှာ ငါးနှစ်ခန့်ရှိပြီဖြစ်ကြောင်း ကိုရဲမင်းက ပြောဆိုသည်။

လက်ရှိတွင် ကိုရဲမင်းဦးဆောင်သော အလုပ်သမားအဖွဲ့အစည်းမှတစ်ဆင့် ထိုင်းထီပထမဆုကို ကူညီထုတ်ယူပေးနေသည်မှာ ၅၉ ဦးအထိ ရှိနေပြီဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

မြန်မာနိုင်ငံသားများသည် ထိုင်းထီကံထူးခဲ့ပါက လိမ်လည်သူများကို သတိထားကြရန်နှင့် ဆုငွေထုတ်ယူနိုင်ရေး မြန်မာအလုပ်သမားအဖွဲ့အစည်းများထံ အကူအညီတောင်းကြရန် ကိုရဲမင်းက ပြောသည်။

ဘန်ကောက်မြို့တွင် မြန်မာစက်ရုံအလုပ်သမားတစ်ဦးသည် ဒီဇင်ဘာလ ၁ ရက်က ဖွင့်လှစ်ခဲ့သော ထိုင်းထီအမြင့်ဆုံးဆု နှစ်စောင်တွဲ ဘတ် ၁၂ သန်း ထီ ကံထူးခဲ့သေးကြောင်း Labour Rights Foundation အဖွဲ့ထံမှ သိရသည်။