BREAKING
November 5, 2025

ထိုင်းက မြန်မာ ၅၀ နီးပါးကို ကော့သောင်းထပ်ပို့

November 5, 2025

စစ်အာဏာရှင်တပ်က အဓမ္မစစ်သားစုဆောင်းနေချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၄၇ ဦးကို ယနေ့ ကော့သောင်းဘက်သို့ ထပ်မံလွှဲပြောင်းလိုက်ကြောင်း လိုက်ပါပို့ဆောင်ခဲ့သူများထံမှ သိရသည်။

အောက်တိုဘာလ ၉ ရက်က မြန်မာနိုင်ငံသား ၉၀ ဦးကို နေရပ်ပြန်ပို့ခဲ့ပြီးနောက် ယခု နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသားများကို ထပ်မံပို့ဆောင်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၄၇ ဦးကို ယနေ့ နိုဝင်ဘာလ ၅ ရက် နံနက် ၁၁ နာရီခွဲက ကော့သောင်းမြို့သို့ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ယခုနေရပ်ပြန်ပို့မှုသည် ၂၀၂၅ ခုနှစ်အတွင်း ၁၃ ကြိမ်မြောက် ဖြစ်ပြီး ယခုနှစ်အတွင်း နေရပ်ပြန်ပို့ခံရသူ ၁၈၀၇ ဦး ရှိလာပြီ ဖြစ်သည်။

ယခုနှစ် ဇန်နဝါရီလတွင် ၁၄၉ ဦး၊ ဖေဖော်ဝါရီလတွင် ၂၀၀ ဦး၊ မတ်လတွင် ၂၅၀ ဦး၊ ဧပြီလတွင် ၂၀၈ ဦး၊ မေလတွင် ၈၁ ဦးနှင့် ဇွန်လ ၂၅ ရက်က ၁၃၁ ဦး၊ ဇွန်လ ၃၀ ရက်က ၉၈ ဦး၊ ဇူလိုင်တွင် ၁၆၂ ဦး၊ ဩဂုတ်လတွင် ၉၉ ဦး၊ စက်တင်ဘာလတွင် ၂၉၂ ဦး၊ အောက်တိုဘာလတွင် ၉၀ ဦး လွှဲပြောင်းခဲ့သည်။

ပြီးခဲ့သော ၂၀၂၄ ခုနှစ်အတွင်း ရနောင်းထိန်းသိမ်းရေးစခန်းမှ ကော့သောင်းသို့ ပြန်လွှဲပြောင်းပေးမှုအကြိမ်ရေ စုစုပေါင်း ၁၄ ကြိမ်အထိ ရှိခဲ့ပြီး ဦးရေအားဖြင့် ၂၀၀၅ ဦး အထိ ပြန်လည်ပို့ဆောင်ခဲ့သည်။

နေရပ်ပြန်ပို့မည့် မြန်မာနိုင်ငံသားများကို ရနောင်း ခေါင်နန်းဟောင်မီးပြတိုက်လမ်းမှတစ်ဆင့် ကော့သောင်းဘက်သို့ စက်လှေများဖြင့် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပို့ဆောင်လာသူများကို စစ်အာဏာရှင်တပ်က အဓမ္မစစ်မှုထမ်း စုဆောင်းမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း စစ်မှုထမ်း စုဆောင်းခံရရာမှ ထွက်ပြေးလွတ်မြောက်လာသူများထံမှ သိရသည်။