BREAKING
June 6, 2025

မွန်တွင် ဘုန်းကြီး၊ သီလရှင်များ လိုင်စင်မဲ့ယာဉ် မစီးရန်နှင့် လက်ခံမထားရန် စစ်ကောင်စီ အမိန့်ထုတ်

June 5, 2025

ပုံစာ - သထုံမြို့နယ်အတွင်း လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးစစ်ဆေးနေစဉ်။ ဓာတ်ပုံ - ပြည်နယ်စစ်ကောင်စီ

မွန်ပြည်နယ်အတွင်းရှိ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများတွင် လိုင်စင်မဲ့ယာဉ်များ လက်ခံမထားရန်၊ ရဟန်းများ၊ သီလရှင်များ လိုင်စင်မဲ့ မော်တော်ယာဉ်၊ ဆိုင်ကယ်များကို မစီးနင်းကြရန် ပြည်နယ်စစ်ကောင်စီက အမိန့်ထုတ်ထားသည်။

ပြည်နယ်စစ်ကောင်စီက ပြည်နယ်သံဃနာယကအဖွဲ့ထံသို့ ဇွန်လ ၂ ရက်က စာထုတ်ညွှန်ကြားထားခြင်းဖြစ်ပြီး ပြည်နယ် သံဃနာယကအဖွဲ့ကတစ်ဆင့် သက်ဆိုင်ရာ ရပ်/ကျေးသံဃနာယကအဖွဲ့များကို ဇွန်လ ၄ ရက် ရက်စွဲဖြင့် ထပ်ဆင့်စာထုတ် ညွှန်ကြားထားသည်။

ညွှန်ကြားစာတွင် ဘုန်းကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများတွင် လိုင်စင်မဲ့ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ စီးနင်းခြင်း၊ လက်ဝယ်ထားရှိခြင်း မပြုလုပ်ရန် ပါရှိသည်။

“ဘုန်းကြီးကျောင်းအများစုကလည်း လိုင်စင်မဲ့နဲ့ဘဲ သွားလာနေကြတာ။ ကျောင်းတွေမှာ ဝင်ဖမ်းတာ ဘာညာတော့ မကြားမိသေးဘူး။ ဒါပေမဲ့ လမ်းမှာ သွားလာ‌နေတဲ့ ဘုန်းကြီးကားတွေလည်း အလွတ်မပေးဘူး၊ ဖမ်းနေတယ်။ ကြည့်ရတာ အခုက လိုင်စင်မဲ့ဆိုတာနဲ့ အကုန်ဖမ်းမယ့်သဘောရှိတယ်။ သူတို့ (စကစ) စီးနေတာတော့ မပြောတတ်ဘူးပေါ့” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

ပြည်နယ်အတွင်း လိုင်စင်မဲ့ မော်တော်ယာဉ်၊ ဆိုင်ကယ်များကို မေလ ၃၀ ရက်ကစပြီး မြို့အဝင်၊ အထွက်နေရာများ၊ မြို့တွင်းလမ်းဆုံလမ်းခွများ လူစည်ကားရာနေရာများတွင် စစ်ကောင်စီတပ်၊ ရဲ၊ ယာဉ်ထိန်းရဲတို့ ပူးပေါင်းတပ်ဖွဲ့တို့က စီမံချက်ဖြင့် လိုက်လံဖမ်းဆီးနေသည်။

လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးရမိပါက ယာဉ်ကိုသိမ်းဆည်းပြီး ပိုင်ရှင်များကို ပို့ကုန် သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့် အရေးယူနေကြောင်းလည်း ဒေသခံတို့က ပြောသည်။

လိုင်စင်မဲ့ယာဉ်များကို လမ်းပေါ်တွင် ဖမ်းဆီးနေသည့်အပြင် ဆိုင်ကယ်အရောင်းဆိုင်များတွင်လည်း လိုင်စင်မဲ့ဆိုင်ကယ်များ ရောင်းချနေခြင်း ရှိ၊ မရှိ လိုက်လံစစ်ဆေးနေသည့်အပြင် လိုင်စင်မဲ့ယာဉ်ရှိသည့်အိမ်တွေကိုလည်း ဝင်ရောက်စစ်ဆေးနေသည်လည်း ရှိကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၂၀ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီညှိနှိုင်းအစည်းအဝေးတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လိုင်စင်မဲ့ယာဉ်များကို စိစစ်ဖော်ထုတ် အရေးယူရန် ညွှန်ကြားခဲ့ပြီးနောက် လိုင်စင်မဲ့ယာဉ်များကို ယခုကဲ့သို့ ဖမ်းဆီးလာခြင်းဖြစ်သည်။