ထိုင်းနိုင်ငံတောင်ပိုင်း၊ စွန်ခရာခရိုင်တွင် မလေးရှားနိုင်ငံသို့ သွားရောက်ရန် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက် လာသည့် မြန်မာနိုင်ငံသား ၄၀ ခန့်ကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ယနေ့ မတ်လ ၅ရက်တွင် စွန်ခရာခရိုင် ရတ်တဖူဒေသရှိ တည်းခိုခန်းတစ်ခုတွင် မြန်မာနိုင်ငံသားများသည် မလေးရှားသို့ ဝင်ရောက်ရန်အတွက် အုပ်စုလိုက်စောင့်ဆိုင်းနေစဉ် ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
အခန်းထဲတွင် မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီး ၃၉ ဦးနှင့်အတူ အသက် ၅ နှစ်နှင့် ၁၀ နှစ်အရွယ် ကလေးငယ် နှစ်ဦးကိုလည်း တွေ့ရပြီး အားလုံးတွင် နိုင်ငံကူးလက်မှတ် သို့မဟုတ် နေထိုင်ခွင့် စာရွက်များ မတွေ့ရကြောင်း ဆိုသည်။
မြန်မာနိုင်ငံသားများနှင့်အတူ လူမှောင်ခိုပို့ဆောင်နေသော ထိုင်းနိုင်ငံသား ငါးဦးနှင့် မြန်မာစုံတွဲ တစ်တွဲကိုလည်း တွေ့ရှိခဲ့ပြီး လူမှောင်ခိုပို့ဆောင်ရာတွင် အသုံးပြုသည့် ကားခုနစ်စီးကိုလည်း တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။
မြန်မာနိုင်ငံသားများသည် ပရာကျွတ်ခီရီခန်ခရိုင်မှတစ်ဆင့် တရားမဝင် နယ်စပ်ဖြတ်ကျော်လာကြပြီး ပွဲစားများက ကားဖြင့် သွားခေါ်လာကာ ထိုင်း-မလေးရှားနယ်စပ် နာရသီဝပ်ခရိုင်သို့ ပို့ဆောင်သွားရန် စီစဉ်ထားကြောင်း ပွဲစားများက ထွက်ဆို ထားသည်ဟု သတင်းများတွင် ဖော်ပြသည်။
ယင်းမှတစ်ဆင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ပြီး ခရီးစရိတ်အနေဖြင့် ဘတ် ၃၅၀၀၀ မှ ဘတ် ၅၀၀၀၀ အထိ ကုန်ကျမည်ဖြစ်ကာ အချို့သူများသည် ငွေချေထားပြီးဖြစ်ကြောင်း ဆိုသည်။
ရဲတပ်ဖွဲ့များက သတင်းကြိုတင်ရရှိထားသဖြင့် ချွန်ဖော်ခရိုင်မှတစ်ဆင့် ကားများကို နောက်ယောင်ခံ၍ လိုက်လာခဲ့ခြင်း ဖြစ်ပြီး စွန်ခရာခရိုင် တည်းခိုခန်းတွင် ရပ်နားစဉ် ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
တည်းခိုခန်းသည် မြန်မာနိုင်ငံသားများကို မလေးရှားနယ်စပ်သို့ မပို့မီ ယာယီရပ်နားရာ နေရာတစ်ခုဖြစ်ပြီး ညအိပ်မနေဘဲ ပြန်လည်ပို့ဆောင်လေ့ရှိကြောင်း ပွဲစားများက ထွက်ဆိုထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံသား ၃၉ ဦးကို တရားမဝင် ဝင်ရောက်မှုဖြင့် အမှုဖွင့်ထားပြီး ထိုင်းနိုင်ငံသားငါးဦးနှင့် မြန်မာနိုင်ငံသား နှစ်ဦးတို့ကို လူမှောင်ခိုပို့ဆောင်မှုဖြင့် အမှုဖွင့်အရေးယူမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။
Ref: MGR Online, CH 7







