ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် ဆယ်ကျော်သက်လူငယ်များ အချင်းချင်း ရန်ဖြစ်ရာမှ ဓါးထိုးလူသတ်မှုဖြစ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
သေဆုံးသူသည် အသက် ၁၈ နှစ်အရွယ် ထိုင်းလူငယ်တစ်ဦးဖြစ်ပြီး မတ်လ ၄ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်က ချင်းမိုင်မြို့ထဲရှိ ဈေးတစ်ခုထဲတွင် ထိုင်းလူငယ်အချင်းချင်း ရန်ဖြစ်ရာမှ သေဆုံးခဲ့ခြင်းဖြစ်သည်။
ချင်းမိုင်မြို့ဒေသခံ ထိုင်းယိုင် (ရှမ်း) လူငယ်ဂိုဏ်းတစ်ခုက ဘိလိယက်ထိုးနေစဉ် တစ်ဖက်လမ်းက သေဆုံးသူ လူငယ်နှင့် အချင်းချင်း အကြည့်ဆုံမိရာမှ ရန်ငြိုးစတင်ခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူ၏ သူငယ်ချင်းဖြစ်သူက ရဲတပ်ဖွဲ့သို့ ဖြေကြားသည်။
သေဆုံးသူသည် အန္တရာယ်ဖြစ်မည်ကို ကြိုတင်စိုးရိမ်သဖြင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ပြီး ရဲတပ်ဖွဲ့များ ရောက်လာသောအချိန် မည်သည့်ရန်ပွဲမှ မဖြစ်ခဲ့ကြောင်း ဆိုသည်။
ထို့နောက် သေဆုံးသူအပါအဝင် သူငယ်ချင်း ၅ ဦး အပြင်ထွက်လာပြီး ဈေးအနီးတွင် ထိုင်နေစဉ် ရန်ငြိုးရှိနေသော ထိုင်းယိုင်လူငယ်ဂိုဏ်းအုပ်စုက နောက်ကလိုက်လာခဲ့ကြောင်း ဆိုသည်။
ယင်းအချိန် ထိုင်းယိုင်လူငယ်များက အုပ်စုလိုက် ဝိုင်းရိုက်ခဲ့သဖြင့် ၎င်းတို့အုပ်စုက လွတ်ရာနေရာသို့ ခုခံထွက်ပြေးကြကြောင်း ဆိုသည်။
ဈေး၏ ဒုတိယအထပ်တွင် ၎င်းတို့အုပ်စု ပုန်းနေစဉ် ထိုင်းယိုင်လူငယ်များက နောက်က ထပ်လိုက်လာပြီး ဝိုင်းရိုက်ခဲ့သဖြင့် အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးသွားခဲ့ကြောင်း ဖြေကြားချက်ကို ဖော်ပြသည်။
ရဲတပ်ဖွဲ့များ ရောက်ရှိလာသောအခါ လူငယ်၏ ညာဘက်ရင်ဘတ်တွင် ဓါးထိုးဒဏ်ရာရရှိထားသည်ကို စစ်ဆေးတွေ့ရှိခဲကြောင်း သိရသည်။
လူသေဆုံးသည်အထိ ဖြစ်ခဲ့သော ရန်ဖြစ်ပွဲတွင် တစ်ဖက်က ထိုင်းယိုင်ဂိုဏ်းက လူငယ် ၈ ဦး ပါဝင်ကြောင်း CCTV မှတ်တမ်းများအရ ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့သည်။
အနီးက CCTV မှတ်တမ်းများကတစ်ဆင့် ထွက်ပြေးသွားသော လူငယ်များကို လိုက်လံ ခြေရာခံစစ်ဆေးခဲ့ရာ မတ်လ ၄ ရက် ညနေ ၂ နာရီက စန်စိုင်းနှင့် ဆာလဖီရပ်ကွက်များတွင် ရန်ပွဲတွင် ပါဝင်ခဲ့သော လူငယ် ၈ ဦးအနက် ၆ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။
ရန်ပွဲတွင် သုံးသော ဓါးနှင့် အခြားလက်နက်များကို ပင်မြစ်ထဲ လွှင့်ပစ်ခဲ့ကြောင်း ထွက်ဆိုသဖြင့် ရဲတပ်ဖွဲ့က ပင်မြစ်ထဲ ရှာဖွေနေဆဲဖြစ်ကြောင်း ဖော်ပြသည်။
ယင်းလူငယ်အုပ်စုမှာ ၅၇၅ ထိုင်းယိုင်လူငယ်ဂိုဏ်းမှဖြစ်ပြီး ချင်းမိုင်မြို့ နေရာအသီးသီးက လူငယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသူများက ရဲတပ်ဖွဲ့သို့ ထွက်ဆိုသည်။
အခင်းဖြစ်ရာတွင်ပါဝင်သော ထိုင်းယိုင်လူငယ်များသည် ချင်းမိုင်မြို့နေရာအသီးသီးတွင် နေထိုင်သော ထိုင်းနိုင်ငံသားများဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားပြီး မြန်မာနိုင်ငံသားများဖြစ်သည်ဟု ဖော်ပြထားခြင်းမရှိပေ။
ထိုင်းယိုင် (ရှမ်း) လူမျိုးသည် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် နေထိုင်သော လူမျိုးစုဖြစ်ကြောင်း ထိုင်းနိုင်ငံသားများထံမှ သိရသည်။
၎င်းတို့သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင်လည်း နေထိုင်ကြသည်။
ထွက်ပြေးလွတ်မြောက်နေသော ကျန်လူငယ် ၂ ဦး၏ အချက်အလက်များကို ရရှိထားပြီဖြစ်ပြီး ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ဖော်ပြသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူများကို လူသတ်မှုဖြင့် အမှုဖွင့်ထားကြောင်း သတင်းတွင် ဖော်ပြသည်။
Ref: CH 7, MGR Online, Khaosod