စစ်အာဏာရှင်တပ်က အဓမ္မစစ်သားစုဆောင်းနေချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသား ၇၅ ဦးကို ယနေ့ ကော့သောင်းမြို့သို့ ပြန်ပို့လိုက်ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင်သော မြန်မာနိုင်ငံသားထံမှ သိရသည်။
ယခု ၂၀၂၆ ခုနှစ် နှစ်သစ်တွင် ပထမအကြိမ် မြန်မာနိုင်ငံသား ၇၅ ဦးကို နေရပ်ပြန်ပို့လိုက်ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား အမျိုးသား ၆၂ ဦး၊ အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၇၅ ဦးနှင့်အတူ ကလေး ၂ ဦးကို ယနေ့ ဇန်နဝါရီလ ၅ ရက် နေ့လယ် ၁၁ နာရီခွဲတွင် ကော့သောင်းမြို့သို့ လွှဲပြောင်းလိုက်သည်။




ပြီးခဲ့သော ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်လည်း မြန်မာနိုင်ငံသား ၁၇၅ ဦးကို နေရပ်ပြန်ပို့ခဲ့သေးသည်။
၂၀၂၅ ခုနှစ်အတွင်း ရနောင်းမှ ကော့သောင်းသို့ နေရပ်ပြန်ပို့ခံရမှု ၁၆ ကြိမ်ရှိခဲ့ပြီး နေရပ်ပြန်ပို့ခံရသူ ၂၀၇၂ ဦးရှိခဲ့သည်။
၂၀၂၄ ခုနှစ်တွင်မူ ရနောင်းထိန်းသိမ်းရေးစခန်းမှ ကော့သောင်းသို့ ပြန်လွှဲပြောင်းပေးမှုအကြိမ်ရေ စုစုပေါင်း ၁၄ ကြိမ်ရှိပြီး မြန်မာနိုင်ငံသား ၂၀၀၅ ဦးကို နေရပ်ပြန်ပို့ခဲ့သည်။
နေရပ်ပြန်ပို့မည့် မြန်မာနိုင်ငံသားများကို ရနောင်း ခေါင်နန်းဟောင်မီးပြတိုက်လမ်းမှတစ်ဆင့် ကော့သောင်းဘက်သို့ စက်လှေများဖြင့် လွှဲပြောင်းပေးခဲ့ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင်သူက ပြောသည်။
ထိုင်းအစိုးရက မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းလိုက်သူများကို စစ်ကော်မရှင်က စစ်မှုထမ်းအဖြစ် အဓမ္မခေါ်ဆောင်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း စစ်မှုထမ်း စုဆောင်းခံရရာမှ လွတ်မြောက်လာသူများထံမှ သိရသည်။







