ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၇၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
စက်တင်ဘာလ ၃ ရက် ညပိုင်းက တာခ့်မြို့ရှိ အမြန်လမ်းမကြီးပေါ်တွင် မြန်မာနိုင်ငံသားများ တရားမဝင် ဝင်လာနေကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့က ဂိတ်ချစစ်ဆေးနေစဉ် မသင်္ကာစရာ အလုံပိတ်ကားနှစ်စီးကို တွေ့ရသဖြင့် တားဆီးစစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။
ပထမကားကို စစ်ဆေးရာ ကားပေါ်တွင် မြန်မာနိုင်ငံသား အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၁၈ ဦး စုစုပေါင်း ၄၀ ဦးနှင့်အတူ ထိုင်းနိုင်ငံသား ကားသမားကို တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။
ဒုတိယကားပေါ်တွင် မြန်မာနိုင်ငံသား အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၈ ဦး စုစုပေါင်း ၃၁ ဦးကိုလည်း ထိုင်းနိုင်ငံသားကားသမားနှင့်အတူ ထပ်မံတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။
မြန်မာနိုင်ငံသား ၇၁ ဦးစလုံးကို စစ်ဆေးရာ တရားဝင် ခရီးသွားခွင့် စာရွက်စာတမ်းများကို မတွေ့ရကြောင်း ဖော်ပြသည်။
မြန်မာနိုင်ငံသားများကို တာခ့်ခရိုင် တောထဲကတစ်ဆင့် ပထုံဌာနီခရိုင်ရှိ ဈေးအနီးသို့ ပို့ဆောင်ပေးရန် ငှားရမ်းခဲ့ကြောင်း၊ ခရီးစဉ်တစ်ခုအတွက် ဘတ် ၁၀၀၀၀ အထိရရှိနေပြီး ယခင်ကတည်းက အကြိမ်များစွာ ပို့ဆောင်ခဲ့ဖူးကြောင်း ကားသမားများက ဝန်ခံထားသည်။
ထို့ကြောင့် မြန်မာနိုင်ငံသားများကို တရားမဝင် ဝင်ရောက်မှုနှင့် ထိုင်းနိုင်ငံသားများကို တရားမဝင် ဝင်လာသော နိုင်ငံခြားသားများကို ကူညီပို့ဆောင်မှုဖြင့် အရေးယူထားပြီး ဝမ်းပရကျွပ်ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သတင်းတွင် ဖော်ပြသည်။
Ref: MGR Online, Thaicrime Online, CH 7







