BREAKING
November 18, 2025

မဟာချိုင်တွင် ၁၄နှစ်အရွယ် မြန်မာမိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရ

July 4, 2025

ပုံစာ - MHAC မဟာမိတ်အဖွဲ့က အမှုကို လိုက်ပါဆောင်ရွက်ပေးနေစဉ်။ ဓာတ်ပုံ - MHAC မဟာမိတ်အဖွဲ့။

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသတွင် အသက် ၁၄နှစ်အရွယ် မြန်မာမိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရကြောင်း အမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေသော MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သော ဇွန်လ ၂၆ ရက် နေ့လယ်ပိုင်းက မြန်မာမိန်းကလေးကို အသက် ၃၇ နှစ်အရွယ် မြန်မာအိမ်ထောင်သည် အမျိုးသားတစ်ဦးက အလိုမတူဘဲအတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

အဓမ္မပြုကျင့်သူသည် မိန်းကလေး၏ ဖခင်ဖြစ်သူနှင့် သိကျွမ်းသူဖြစ်ပြီး မိန်းကလေးတို့ မိသားစု နေထိုင်ရာအခန်းသို့ မကြာမကြာ လာရောက်လေ့ရှိသူဖြစ်ကြောင်း Myanmar Humanitarian Action Centre (MHAC) မဟာမိတ်အဖွဲ့ ဦးဆောင်သူ ကိုရဲမင်းက ပြောသည်။

ဖြစ်စဉ်ဖြစ်သည့်နေ့က မိန်းကလေး ဈေးဝယ်ထွက်ချိန် ကျူးလွန်သူဆိုသည့် အမျိုးသားက လိမ်လည်ဖြားယောင်း၍ ဟိုတယ်သို့ ခေါ်ဆောင်ပြီး အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

မိဘများက သမီးဖြစ်သူ အိမ်ပြန်မလာသည့်အတွက် လိုက်လံစုံစမ်းရာ နောက်တစ်ရက် ဇွန်လ ၂၇ ရက်တွင်သာ ဖြစ်စဉ်ကို သိရှိရပြီး သမီးဖြစ်သူကို ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြောင်း ကိုရဲမင်းက ပြောဆိုသည်။

လက်ရှိမှာ ကျူးလွန်သူအမျိုးသားမှာ ထွက်ပြေးတိမ်းရှောင်နေပြီး ဥပဒေအရ အရေးယူနိုင်ရေး MHAC မဟာမိတ်အဖွဲ့က လိုက်ပါကူညီဆောင်ရွက်ပေးနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ရဲစခန်းမှာ အမှုဖွင့်ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ပြီး အမှုကို လိုက်ပါဆောင်ရွက်ပေးနေတယ်။ တရားခံကိုလည်း အမြန်ဆုံး ဖမ်းမိနိုင်ဖို့ ဆောင်ရွက်နေတယ်” ဟု ကိုရဲမင်းက ပြောသည်။

ကျူးလွန်သူကို အမြန်ဆုံးဖမ်းမိနိုင်ရေး ထိုင်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေပြီး နစ်နာသူ မြန်မာမိန်းကလေးငယ်အတွက် တရားမျှတမှု ရရှိရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း MHAC အဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သော မေလ ၁၁ ရက်ကလည်း ဘန်ကောက်မြို့ ဘန်ဘောနယ်မြေတွင် အသက်၂၇နှစ်အရွယ် မြန်မာအမျိုးသမီးသည် အခန်းထဲ တစ်ဦးတည်းရှိနေစဉ် စက်ရုံအတူလုပ်ကိုင်နေသော မြန်မာအမျိုးသားတစ်ဦးက အတင်းအဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးဖြစ်သူ ဒဏ်ရာအပြင်းအထန် ရရှိခဲ့သေးသည်။

ထိုင်းရောက် မြန်မာအမျိုးသမီးများအနေဖြင့် ညဘက် တစ်ဦးတည်းသွားလာခြင်း၊ အခန်းထဲ တစ်ဦးတည်း နေထိုင်ခြင်းများအတွက် အထူးသတိထား ဆင်ခြင်ကြရန် MHAC မဟာမိတ်အဖွဲ့က တိုက်တွန်းထားသည်။