BREAKING
June 6, 2025

ဘီးလင်းတွင် ပရဟိတလုပ်နေသည့် အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

June 4, 2025

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အနိုင်းပွန်းကျေးရွာအုပ်စု၊ သစ်တိုကျွန်းကျေးရွာတွင် ပရဟိတလုပ်ငန်းများ လုပ်ဆောင်နေသည့် အမျိုးသမီးတစ်ဦးဇွန်လ ၃ ရက်ညက ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

ဘီးလင်း-တောင်စွန်းသွားကားလမ်းဘေးရှိ သစ်တိုကျွန်းကျေးရွာက အသက် ၅၃ နှစ်အရွယ် ဒေါ်သီတာမိုးသည် ယမန်နေ့ ည ၇ နာရီခွဲကျော်တွင် ရွာလယ်လမ်းမပေါ်၌ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ဒေါ်သီတာမိုးသည် နေအိမ်မှ ရွာရှိ ဈေးဆိုင်သို့ ဈေးဝယ်ရန် ရွာလယ်လမ်းမအတိုင်း လမ်းလျှောက်လာစဥ် သေနတ်သမား နှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်လာပြီး ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ခန္ဓာကိုယ်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ ငါးချက်ခန့်ဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးကြောင်း ၎င်းတို့က ပြောဆိုသည်။

ဒေါ်သီတာမိုးသည် ကျေးရွာအတွင်း ပရဟိတလုပ်ငန်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ဘာကြောင့် အခုလို သေနတ်နဲ့ ပစ်ခတ်ခံရတာကတော့ ကျွန်တော်တို့လည်း မပြောတတ်ဘူး။ အကျိုးအကြောင်းတော့ ရှိမယ်ထင်ပါတယ်” ဟု ၎င်းကပြောသည်။

ဒေါ်သီတာမိုး ပစ်သတ်ခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီနှင့် ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေး အဖွဲ့အစည်းတို့က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

ဒေါ်သီတာစိုး၏ ရုပ်အလောင်းကိုမူ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ၏ အကူအညီဖြင့် ဘီးလင်းဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံများထံမှသိရသည်။