ထားဝယ်မြို့နှင့် လောင်းလုံးမြို့နယ်ကို ဆက်သွယ်ထားသည့် ကမြောကင်းတံတား စစ်ဆေးဆေးရေးဂိတ်တွင် စစ်အာဏာရှင်တပ်က လူငယ်များအား ယနေ့ မတ်လ ၄ ရက် ညနေပိုင်းတွင် ဖမ်းဆီးပြီး စစ်မှုထမ်း အဓမ္မစုဆောင်း နေကြောင်း မြို့ခံခရီးသွားများက ပြောသည်။
ထားဝယ်မြို့က စစ်အာဏာရှင်တပ်၏ စစ်မှုထမ်းစုဆောင်းရေးအဖွဲ့သည် ဗွီဂိုးကား နှစ်စီးဖြင့် ယနေ့ ညနေ ၃ နာရီခန့်မှစ၍ အဓမ္မဖမ်းဆီးစုဆောင်းနေခြင်းဖြစ်ကြောင်း မြို့ခံခရီးသွားများက ဆိုသည်။
ဖမ်းဆီခံရသူလူငယ် ငါးဦးထက်မနည်းရှိနေကြောင်း မြို့ခံခရီးသွားတစ်ဦးက ယနေ့ ညနေ ၅နာရီခန့်တွင် ပြောဆိုသည်။
မြို့ခံခရီးသွား အခြားတစ်ဦးကလည်း ယနေ့ ညနေပိုင်း ဖမ်းဆီးခံရသည့် လူငယ်များထဲတွင် ၎င်း၏ အလုပ်သမားတစ်ဦး ပါဝင်ကြောင်း ပြောသည်။
စစ်အာဏာရှင်တပ်သည် မတ်လ ၃ ရက် နံနက်ပိုင်းကလည်း သရက်ချောင်းမြို့ မြို့မရဲစခန်းအရှေ့တွင် လူငယ် သုံးဦးကို စစ်မှုထမ်းအဖြစ် အဓမ္မဖမ်းဆီးစုဆောင်းခဲ့ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။
“ဆိုင်ကယ်လာပြင်တဲ့ လူငယ်တွေ တချို့ပါသွားတယ်။ ပန်းချီရှောင် (ရွာ) ကလို့ သိရတယ်။ အခု တပ်ရင်းထဲမှာလို့ သိရတယ်၊ ဆိုင်ကယ်တွေကိုတော့ ပြန်ပေးလိုက်တယ်လို့ ပြောတယ်” ဟု ယင်းမြို့ခံတစ်ဦး ပြောဆိုသည်။
စစ်အာဏာရှင်တပ်သည် ထားဝယ်မြို့ နှင့် မြို့အဝင်အထွက်ဂိတ်များတွင် လူငယ်များကို လစဉ် ဖမ်းဆီးပြီး စစ်မှုထမ်းစုဆောင်းလေ့ရှိသည်။
ယခင်က နံနက်ပိုင်းနှင့် ညပိုင်းတို့တွင် အများဆုံးဖမ်းဆီးလေ့ရှိသော်လည်း ယခု မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင်ပါ ဖမ်းဆီးလာသည်။
ပြီးခဲ့သည့် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတို့တွင်လည်း စစ်အာဏာရှင်တပ်က ထားဝယ်မြို့ခံ ခြောက်ဆယ်နီးပါးကိုလည်း စစ်မှူထမ်းအဖြစ် ဖမ်းဆီးခဲ့သေးသည်။







